ဧပြီလ (၃) ရက်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကျောက်စခန်းနဲ့ မဒါဘွမ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်တော် (KIA) နဲ့ KPDF ပူးပေါင်းတပ်က မနေ့က ဧပြီလ (၂) ရက်နေ့ ညနေပိုင်းတွင် ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာမြောက် စိန်လုံဗျူဟာတပ်စခန်းကြီးကို သိမ်းပိုက်ပြီးနောက် KIA နဲ့ ပူးပေါင်းတပ်တို့ဟာ မိုးမောက်မြို့အနီးရှိ ကျောက်စခန်းကျေးရွာအခြေစိုက် စစ်တပ်စခန်းနဲ့ မဒါဘွမ်ရှိ စစ်တပ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။
စစ်ဆင်ရေးတွေ မိုးမောက်မြို့နဲ့ နီးလာပြီဖြစ်တဲ့အတွက် မိုးမောက်က ဒေသခံပြည်သူတချို့ တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။
ဧပြီလ (၂) ရက်နေ့ ညနေပိုင်းမှာ ကျောက်စခန်းနဲ့ မဒါဘွမ်စခန်းတွေကို သိမ်းပိုက်လိုက်တဲ့အတွက် မိုးမောက်-လွယ်ဂျယ်လမ်းရှိ စကစတပ်စခန်း အားလုံးကို KIA က သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။
စိန်လုံဗျူဟာစခန်းသိမ်းတိုက်ပွဲကနေ လက်နက်ကြီးအပါအဝင် စစ်လက်နက် ခဲယမ်းများစွာကို KIA က သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။
ဗန်းမော်၊ မြစ်ကြီးနားအထိ KIA ရဲ့ ထိုးစစ်ရောက်လာနိုင်တဲ့အတွက် ဗန်းမော်မြို့မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဗန်းမော်ခရိုင်မှာ မြိုနယ် ၄ ခုရှိပြီး ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူမှာ ကျန်နေသေးတဲ့ စစ်ကောင်စီစခန်း တပ်ရင်းဌာနချုပ်ပေါင်း တစ်ဆယ်ကျော် ကျန်ရှိနေပါသေးတယ်။