အောက်တိုဘာလ (၂၀)ရက်။
ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က ကွမ်းလုံမြို့နယ် နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါက်ကွဲအားပြင်းတဲ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပြည်သူတွေ အိပ်မောကျနေချိန် နမ့်ဟူးရွာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်ထဲကို ပေါက်ကွဲအားပြင်းတဲ့ဗုံးတွေ ကြဲချခဲ့တာပါ။ နေအိမ်တွေပျက်စီးတာနဲ့ အရပ်သားထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်၊ ကားတွေလဲ အများအပြား ပျက်စီးခဲ့တယ်” လို့ ဆိုပါတယ်။
နမ့်ဟူးနယ်ထဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်ထဲကို လေကြောင်းကနေ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ ညဘက် တိတ်ဆိတ်နေတဲ့အချိန် လေယာဉ်သံ ရုတ်ရက်ကြားပြီး ဗုံးတွေကြဲချခဲ့တာ။ ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်။ အဲ့ဒီနေရာက တိုက်ပွဲဖြစ်တာမရှိသလို လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲထားတာလဲ မရှိဘူး” လို့ MNDAA က ပြောပါတယ်။
လားရှိုးတိုက်ပွဲစတင်တဲ့အချိန်နဲ့ တိုက်ပွဲအလွန်ကာလမှာ စစ်ကောင်စီတပ်က အထူးဒေသ(၁)ရဲ့ မြို့တော် လောက်ကိုင်မြို့အပါအဝင် ကွတ်ခိုင်၊ သိန္နီနဲ့ လားရှိုးတို့ကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားနေရာတွေ၊ လူစုလူဝေးနေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လျှပ်စစ်ဓါတ်းအားပေးရုံလိုမျိုး အသက်မွေးဝမ်းကျောင်းအဆောက်အအုံတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်တာက ဒေသခံတွေ နေရပ်ပြန် အလုပ်ပြန်လုပ်တာကို တားမြစ်ခြိမ်းခြောက်တာလို့ ပြောဆိုထားချက်အရ သိရပါတယ်။