နိုဝင်ဘာလ (၃)ရက်။
မနေ့က နေ့လယ် (၃)နာရီအချိန်က အုတ်ဖိုမြို့အနီးမှာ လောင်းကစားဝိုင်းပြုလုပ်နေတဲ့ မတောင့်တကျေးရွာအုပ်စုက ပျုခေါင်းဆောင် အုပ်ချုပ်ရေးမှူး အောင်မင်းထက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မတောင့်တကျေးရွာအုပ်စုက ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူး အောင်မင်းထက်က အရပ်ဝတ် စကစတွေနဲ့ လုံခြုံရေးယူပြီး ပျူစောထီးတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ လောင်းကစားဝိုင်းပြုလုပ်နေတာ။ အဲ့ဒီလောင်းကစားဝိုင်းကို ရဲဘော်တွေက ရှောင်တခင်စီးနင်းတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး အောင်မင်းထက် ဦးဆောင်ပြီး အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူကာ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်တဲ့ လောင်းကစားဝိုင်းကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေနဲ့ အခြားသူတွေ ထွက်ပြေးလွတ်မြောက်သွားကာ အောင်မင်းထက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး လက်ပစ်ဗုံး(၁)လုံး၊ ဓါးမြောင်(၂)လက်၊ (၅၀၀၀၀)ကျပ်နဲ့ ခါးပတ်အိတ်တစ်ခု သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အောင်မင်းထက်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးဟောင်း သက်တင်ရဲ့ တူအရင်းဖြစ်ပြီး PDF တွေကို သတ္တိရှိပါက လာသတ်ဖို့ မိုက်ကြေးခွဲစိန်ခေါ်ထားတာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် ခြိမ်းခြောက်လူစုတာနဲ့ ငွေကြေးကောက်ခံတာ၊ သန်းခေါင်စာရင်းကောက်တာမှာ ဦးဆောင်ပါဝင်တာနဲ့ စစ်ကောင်စီထံ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို ထောက်လှမ်းပေးပို့နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်ပြီး ဒေသခံလူငယ်တွေကို စည်းရုံးကာ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးနေတာကြောင့် အခုလို အရေးယူတာလို့ သိရပါတယ်။