တလကျော်ကာလထဲ စစ်ကောင်စီအင်အား (၅၀)ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ PRA-MAGWAY ထုတ်ပြန်
ဒီဇင်ဘာလ (၅)ရက်။
မနေ့က နေ့လယ် (၁)နာရီခန့်က ငဲမြို့နယ်မှာ အင်အား (၅၀)ခန့်ပါ စစ်ကောင်စီရဲ့ ရိက္ခာကား (၃)စီးကို ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PRA-Magway ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စွန်တက်ရွာနဲ့ လင်းတဲရွာကြားမှာ စကစရိက္ခာကား (၃)စီးကို ခြုံခိုမိုင်းဆွဲခဲ့တာပါ။ (၁၀)မိနစ်ကျော် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်သေဆုံးတာတွေနဲ့ ကား (၂)စီး ရှေ့ဆက်သွားလို့မရတဲ့အထိ ပျက်စီးသွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရိက္ခာကား (၃)စီးကို ငဖဲမြို့ရှိ စွန်တက်ရွာနဲ့ လင်းတဲရွာကြားမှာ PRA-Magway တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ (၁၀)မိနစ်ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၉)ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ ရိက္ခာကား (၂)စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး နိုဝင်ဘာလ (၂၃)ရက်နေ့ကလဲ ဘုံဘောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား (၉၀)ခန့်ပါ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ (၅)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၄)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် အများအပြားနဲ့ ပစ်ခတ်ကာ စစ်ကြောင်းတိုးလာခဲ့တာကြောင့် ခေတ္တဆုတ်ခွာခဲ့ရပြီး တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် နပခဘက်ကနေ စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ပြေးတွေကို PRA-MAGWAY က ကင်းပုန်းချကာ ပိတ်ဆို့ဖမ်းဆီးတာတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။
PRA-MAGWAY အနေနဲ့ နိုဝင်ဘာလနဲ့ အခုလ ပထမအပတ်ထဲ စစ်ကောင်စီရဲ့ အင်အား (၅၀)ကျော်ကို ချေမှုန်းထားနိုင်ခဲ့ပြီး လက်နက်ငယ် (၈)လက်အပါအဝင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
လူထုတော်လှန်ရေးအင်အားစု(PRA-MAGWAY)ဟာ တစ်ဖွဲ့ချင်းအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်တွေကို တဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။