နိုဝင်ဘာလ (၁၉)ရက်။
နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ပြုလုပ်တဲ့ Press Briefing မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
“ အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ အင်တာနက် လွတ်လပ်ခွင့်တွေကို အကြီးအကျယ် ချိုးဖောက်နေတာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်တယ်ဆိုတာကို တိုက်တွန်းလိုပါတယ်” လို့ သူက ဆိုပါတယ်။
နိုင်ငံတကာကို NUG က အရေးတကြီး တိုက်တွန်းတဲ့အချက် (၄)ချက်ရှိပြီး စစ်အုပ်စု ကျူးလွန်တာတွေကို စောင့်ကြည့်လေ့လာကာ အရေးယူနိုင်အောင် ပြုလုပ်ဖို့နဲ့ တရားလက်လွှတ်ဖမ်းဆီးတာတွေကို ပြင်းထန်စွာ ရှုတ်ချပြီး ဖမ်းဆီးခံရသူတွေ အမြန်ဆုံးလွတ်မြောက်အောင် ဖိအားပေးဖို့တို့ ပါဝင်ပါတယ်။
နောက်ပြီး စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို နှုတ်ဆိတ်မနေဘဲ မြန်မာပြည်သူတွေကိုယ်စား ဖွင့်ဟပြောဆိုတာအပြင် မြန်မာနိုင်ငံမှာ စစ်အာဏာတည်မြဲဖို့နဲ့ စစ်ရာဇဝတ်ကောင်တွေ ပြစ်ဒဏ်ကင်းလွတ်ဖို့ ရည်ရွယ်တဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် အမည်ခံအစိုးရကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်ဖို့ ထည့်သွင်းတိုက်တွန်းထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေဆိုတဲ့ ခေါင်းစဉ်နဲ မတရားဥပဒေတခုကို ထုတ်ပြန်ကာ တရားမဲ့ဖမ်းဆီးနေပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် ထိပါးနှောင့်ယှက်တာတွေ ကျူးလွန်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီလို အကြမ်းဖက်စစ်အုပ်စုက မတရားဥပဒေပြဋ္ဌာန်းပြီးနောက် ပြည်သူ (၁၀၀)နီးပါးကို အမှုဖွင့်ဖမ်းဆီးထားကာ အဲ့ဒီအထဲ အသက်မပြည့်သေးသူတွေနဲ့ အနုပညာရှင်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။








