ဖေဖော်ဝါရီလ (၁၀)ရက်။
စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး ၂၀၂၅ခုနှစ်အထိ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂကို NUG က ငွေပေးသွင်းထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ ၂၀၂၁ကစပြီးတော့ ၂၀၂၅ကုန်အထိ ကျနော်တို့ တတ်နိုင်သမျှ မဲပေးခွင့်မဆုံးရှုံးဖို့အတွက် တော်လှန်ရေးစပြီးတဲ့ အချိန်နောက်ပိုင်းမှာ သုံးကြိမ်တိတိပေါ့နော် ကုလသမဂ္ဂကို ပေးသွင်းရမယ့် အနည်းဆုံးငွေပမာဏကို ကျနော်တို့ ပေးသွင်းခဲ့တာရှိပါတယ်” လို့ သူက PVTV ကနေတဆင့် ပြောပါတယ်။
မဲပေးခွင့်မဆုံးရှုံးဖို့ တော်လှန်ရေးစတဲ့အချိန်ကစပြီး ကုလသမဂ္ဂကို ပေးသွင်းရမယ့် အနည်းဆုံးငွေကြေးပမာဏကို (၃)ကြိမ်တိတိ နှစ်တိုင်း ပေးသွင်းခဲ့တယ်လို့ သိရပါတယ်။
ဒီလို ငွေကြေးပေးသွင်းနိုင်တာကြောင့် အခုအချိန်အထိ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကုလသမဂ္ဂမှာ မဲပေးခွင့်ကို ၂၀၂၆ နှစ်ကုန်အထိ ဆက်ရရှိနေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
နောက်ပြီး ကုလသမဂ္ဂထံ ပေးသွင်းရတဲ့ ငွေပမာဏဟာ ကန်ဒေါ်လာ (၃)သိန်းကျော်ရှိပြီး မြန်မာနိုင်ငံအနေအထားကြောင့် အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ပမာဏနည်းပါးတယ်ဆိုပေမယ့် တော်လှန်ရေးကာလဖြစ်တာကြောင့် ပေးသွင်းရတဲ့ပမာဏ များပြားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေအရ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ (၂)နှစ်ဆက်တိုက် ပေးသွင်းရမယ့် အနည်းဆုံးပမာဏကို မပေးသွင်းနိုင်ရင် မဲပေးခွင့် ဆုံးရှုံးမှာဖြစ်တာကြောင့် တော်လှန်ရေးကာလမှာ မဲပေးခွင့်မဆုံးရှုံးရအောင် စဉ်းစားလုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒီလို မဲပေးခွင့်ရှိတာက တော်လှန်ရေးအတွက် များစွာ အထောက်အကူဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရရှိဖို့ ကြိုးစားနေတဲ့အပေါ် တဖက်တလမ်းက ပိတ်ပင်တားဆီးနိုင်တယ်လို့ သိရပါတယ်။








