ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်
အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည် ကမ္ဘာလှည့်ခရီးသည်များနှင့် ဧည့်သည် အလုပ်သမားများကို တင်ဆောင်လာသည့် Dreamliners သို့မဟုတ် Airbuses လေယာဉ်များ မှထွက်လာသည့် အငွေ့များ မဟုတ်ဘဲ ပင်လယ်ကွေ့တစ်ဖက်ကမ်းရှိ အီရန်နိုင်ငံမှ ပစ်ခတ်လိုက်သည့် ဘော်လစတစ်ဒုံးကျည်များမှ မီးခိုးတန်းများ ဖြစ်သည်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ကျူးကျော်ဝင်ရောက်လာသည့် ဘော်လစတစ်ဒုံးကျည် ၁၆၅ စင်း၊ ခရုဇ်ဒုံးကျည် ၂ စင်းနှင့် အီရန်ဒရုန်း ၅၄၁ စင်းကို “ ကိုင်တွယ်ဖြေရှင်း” ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘာရိန်းနိုင်ငံတွင်မူ တစ်ညလုံး မအိပ်ဘဲ နေခဲ့ရပြီးနောက် တနင်္ဂနွေနေ့ နံနက်တွင် လေဆိပ် တိုက်ခိုက်ခံနေရကြောင်း သူငယ်ချင်းတစ်ဦးက ကျွန်ုပ်ထံသို့ သတင်းပေးပို့ခဲ့သည်။ “ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ သတိပေးဥဩသံတွေကြောင့် နိုးလာတာ။ ပေါက်ကွဲသံ အကြိမ် ၂၀ လောက် ကြားရပြီး အနည်းဆုံး နှစ်နေရာတော့ ထိသွားပြီ ထင်တယ်” ဟု ၎င်းက စာတိုပေးပို့ခဲ့သည်။
ဤဒေသတွင် ယခုကဲ့သို့ မြင်ကွင်းမျိုးမှာ ရိုးအီနေကျ မဟုတ်သော်လည်း စနေနေ့ နံနက်တွင် ပဋိပက္ခ စတင်ကတည်းက အီရန်သည် ၎င်း၏ ပစ်မှတ်များကို ဘာရိန်းရှိ အမေရိကန်ရေတပ် အမှတ် (၅) ရေတပ်စု ဌာနချုပ်ကဲ့သို့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များသာမက လေဆိပ်များနှင့် အခြား အရပ်ဘက်နေရာများအထိ တိုးချဲ့လာပုံရသည်။
ယခုအခါ ပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများ၏ လေကြောင်းကာကွယ်ရေးစနစ်တွင် ဟာကွက်များ ပေါ်ပေါက်လာသည်နှင့်အမျှ ဇိမ်ခံဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ အထပ်မြင့်တိုက်ခန်းများနှင့် ခေတ်မီလေဆိပ်ဆင်းသက်ရာ အဆောက်အအုံများသည် နေရာအနှံ့အပြားတွင် တိုက်ခိုက်ခံနေရသည်။ ဤနေရာများသည် တစ်နေ့တွင် ဒရုန်းများနှင့် ဘော်လစတစ်ဒုံးကျည်များ၏ တိုက်ခိုက်မှုကို ခံရမည်ဟူသော အလားအလာကို ထည့်သွင်းစဉ်းစား၍ တည်ဆောက်ထားခြင်း မဟုတ်ပေ။
အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်စ်အာရတ်ချီ( Abbas Aragchi) က ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး Al Jazeera သို့ ပြောကြားရာတွင် “ ကျွန်တော်တို့ဟာ ပါရှန်ပင်လယ်ကွေ့နိုင်ငံတွေက အိမ်နီးချင်းတွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး၊ ဒီနိုင်ငံတွေမှာရှိတဲ့ အမေရိကန်ရဲ့ တည်ရှိမှုကို ပစ်မှတ်ထား နေတာပါ။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ မကျေနပ်ချက်တွေကို ဒီစစ်ပွဲကို ဆုံးဖြတ်ခဲ့သူတွေ ဆီကိုပဲ ဦးတည်သင့်ပါတယ်” ဟု ဆိုသည်။
ပင်လယ်ကွေ့နိုင်ငံများရှိ အရပ်ဘက် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှု အချို့သည် ကြားဖြတ်ဟန့်တားထားသော ဒုံးကျည်များမှ အပိုင်းအစများ ပြုတ်ကျခြင်း ကြောင့်ဖြစ်သော မတော်တဆမှုများ ဖြစ်သည်။ သို့သော် အားလုံးတော့ မဟုတ်ပေ။ ဘာရိန်းနှင့် ယူအေအီးရှိ လေဆိပ်များအား တိုက်ခိုက်မှု အရေအတွက်မှာ တိုက်ဆိုင်မှု တစ်ခုထက် ပိုနေသည်ကို ညွှန်ပြနေသည်။
အကယ်၍ ၎င်းကို တိုက်ခိုက်လာပါက ထိုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် မည်သည့်နိုင်ငံကိုမဆို လက်စားချေမည်ဖြစ်ကြောင်း အီရန်က ကြိုတင်၍ အမြဲတစေ ရှင်းလင်းစွာ ပြောကြားခဲ့သည်။ ပင်လယ်ကွေ့နိုင်ငံများသည် ဤအမေရိကန်-အစ္စရေး တိုက်ခိုက်မှုတွင် ၎င်းတို့ ပါဝင်ခြင်းမရှိကြောင်း အီရန်အား သက်သေပြရန် အတော်အတန် ကြိုးပမ်းခဲ့ကြသော်လည်း အခြေခံအားဖြင့် ၎င်းတို့သည် ဝါရှင်တန်၏ ရေရှည်စစ်ဘက်မဟာမိတ်များ ဖြစ်နေခြင်းကြောင့် အပြစ်ပေးခံနေရခြင်း ဖြစ်သည်။
အစ္စလာမ္မစ်တော်လှန်ရေး မတိုင်မီ ရှားဘုရင်လက်ထက်က အီရန်ကို “ ပင်လယ်ကွေ့၏ ပုလိပ်” ဟု လူသိများခဲ့သည်။ တော်လှန်ရေးပြီးကတည်းက ၎င်းက “ ပါရှန်ပင်လယ်ကွေ့” (အာရပ်တို့က အာရေဗျပင်လယ်ကွေ့ဟု ခေါ်သည်) တွင် လုံခြုံရေးကို တာဝန်ယူပြီး ထိုအခန်း ကဏ္ဍကို ပြန်လည်ရယူရန် အိမ်နီးချင်းများကို ဆွဲဆောင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သည်။ အီရန်ခေါင်းဆောင်များသည် ပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများမှ အမေရိကန်ရေတပ်ကို နှင်ထုတ်ရန်နှင့် ၎င်းတို့ကို အုပ်ထိန်းသူများအဖြစ် လက်ခံရန် မအောင်မြင်သော ကြိုးပမ်းမှု များ ပြုလုပ်ခဲ့ကြသည်။
သို့သော် ပင်လယ်ကွေ့နိုင်ငံများ၏ အုပ်ချုပ်သူများအတွက် – အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တော်လှန်ရေးစိတ်ဓာတ်ကို လုံးဝလက်မခံနိုင်သော ရှေးရိုးစွဲ ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံများအတွက် – ဤနေရာတွင် စည်းတစ်ခုကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ အီရန်ခေါင်းဆောင်မှုသာ ဤစစ်ပွဲတွင် ရှင်သန်ခဲ့မည်ဆိုလျှင် ၎င်းတို့နှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စစ်အခြေစိုက်စခန်းများကို လက်ခံထားသည့် ဆော်ဒီအာရေဗျနှင့် အိုမန်နိုင်ငံတို့မှာမူ ကျန်ပင်လယ်ကွေ့ အာရပ်လေးနိုင်ငံထက်စာလျှင် တိုက်ခိုက်မှုဒဏ်ကို သက်သာစွာ ကျော်လွှားနိုင်ခဲ့သည်။ အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ပြီး အမေရိကန်နှင့် အီရန်အကြား နျူကလီးယားဆွေးနွေးပွဲများကို ကြားဝင်စေ့စပ်ပေးနေသည့် အိုမန်နိုင်ငံသည် အာရေဗျပင်လယ်ကမ်းရိုးတန်းရှိ Duqm ကူးသန်းရောင်းဝယ်ရေး ဆိပ်ကမ်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
ဆော်ဒီမြို့တော် ရီယတ်သည် စနေနေ့က ပစ်မှတ်ထားခံခဲ့ရပုံရပြီး ၎င်း၏ အစိုးရက “ ရီယတ်ဒေသနှင့် အရှေ့ပိုင်းပြည်နယ်များကို ပစ်မှတ်ထားသည့် အီရန်၏ ရဲတင်းပြီး သူရဲဘောကြောင်သော တိုက်ခိုက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ထိုတိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် မည်သည့်အကြောင်းပြချက်ဖြင့်မျှ မျှတမှုမရှိကြောင်း” ဒေါသတကြီး ထုတ်ပြန်ခဲ့သည်။
ဤသည်မှာ အီရန်အနေဖြင့် ပင်လယ်ကွေ့ရှိ အာရပ်အိမ်နီးချင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း မဟုတ်သော်လည်း ယခုကဲ့သို့ အတိုင်းအတာမျိုးဖြင့် မကြုံဖူးသေးပေ။ ၂၀၁၉ ခုနှစ်တွင် အီရတ်ရှိ အီရန်ကျောထောက် နောက်ခံပြု လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် ဆော်ဒီအာရမ်ကို (Saudi Aramco) ၏ ရေနံဓာတုစက်ရုံများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် နေ့စဉ်တင်ပို့မှုစွမ်းရည် ထက်ဝက်ခန့် ခေတ္တရပ်ဆိုင်းသွားခဲ့ဖူးသည်။ ပြီးခဲ့သည့် ဇွန်လကလည်း အီရန်သည် ကာတာရှိ al-Udaid လေတပ်စခန်းကို ဘော်လစတစ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ၎င်းမှာ အီရန်၏ နျူကလီးယားစခန်းများကို ဖျက်ဆီးခဲ့သည့် အမေရိကန်၏ Operation Midnight Hammer လေကြောင်းစီးနင်းမှုကို ပြန်လည်တုံ့ပြန်ပြခြင်းသာဖြစ်ပြီး တဟီရန်က ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အီရန်သည် ၎င်း၏နိုင်ငံအတွင်းရှိ သူပုန်များကို ငွေကြေး၊ သင်တန်းနှင့် လက်နက်များ ထောက်ပံ့နေကြောင်း ရှီယိုက်လူဦးရေ အများအပြားရှိသော ဘာရိန်းနိုင်ငံက ကာလရှည်ကြာ စွပ်စွဲခဲ့သည်။ သို့သော် ယခု ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ကြုံတွေ့နေရသည့် အခြေအနေ နှင့်စာလျှင် ထိုဖြစ်ရပ်များမှာ သေးငယ်လှသည်။
ဤအခြေအနေသည် မည်သို့အဆုံးသတ်မည်နည်း။
သမ္မတ ထရန့်၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းရှိ အစိုးရအများအပြားအတွက်သာမက အီရန်ပြည်သူ အများစုအတွက်ပါ အကောင်းဆုံးရလဒ်မှာ အစ္စလာမ္မစ်သမ္မတနိုင်ငံ အုပ်ချုပ်ရေးစနစ် လျင်မြန်စွာ အဆုံးသတ်သွားပြီး ဒီမိုကရေစီသို့ ချောမွေ့စွာ ကူးပြောင်းကာ ကမ္ဘာနှင့် ပုံမှန်ဆက်ဆံရေး ရရှိနိုင်မည့် အခြေအနေဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လာရန်မှာ မသေချာသေးပေ။
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်က ဒုံးကျည်များနှင့် ဒရုန်းများ မပစ်ခတ်နိုင်မီ ၎င်းတို့၏ စွမ်းဆောင်ရည်ကို ဖျက်ဆီးရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) အတွက်မူ အခက်အခဲမှာ အမေရိကန် စစ်သင်္ဘောကဲ့သို့သော အဓိက ပစ်မှတ်ကို ကာကွယ်ရေးစနစ် ကျော်လွှားနိုင်ရန် အလုံးအရင်းနှင့် တိုက်ခိုက်ရမလား သို့မဟုတ် သမ္မတထရန့်၏ သည်းခံနိုင်စွမ်းကို စမ်းသပ်ရန်အတွက် ၎င်းတို့၏ လက်နက်တိုက် များကို ဝှက်ထားရမလား ဆိုသည်ပင် ဖြစ်သည်။
မိမိတို့ထံတွင် ဒုံးကျည်နှင့် ဒရုန်းအရေအတွက် အကန့်အသတ်ရှိသကဲ့သို့ ပြိုင်ဘက်များ တွင်လည်း လေကြောင်းကာကွယ်ရေးစနစ် အရေအတွက် အကန့်အသတ်ရှိသည်ကို အီရန်က သိရှိထားသည်။ အကယ်၍ အီရန်၏ ဒုံးကျည်များ မကုန်ဆုံးမီ ပြိုင်ဘက်များ၏ ကာကွယ်ရေး စနစ်များ ကုန်သွားပါက ပင်လယ်ကွေ့ဒေသရှိ ပြည်သူများ၏ ဘဝမှာ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာနိုင်သည်။
Reuters သတင်းအရ ထိခိုက်မှုရှိသော ဒေသများအပေါ်မှ ဖြတ်သန်းပျံသန်းမည့် လေယာဉ်များကို လမ်းကြောင်းလွှဲပြောင်းလိုက်ရသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။
အင်အားချိန်ခွင်လျှာမှာ အမေရိကန်နှင့် အစ္စရေးဘက်သို့ များစွာသာလွန်နေသည်။
၎င်းတို့သည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံးနှင့် နည်းပညာအမြင့်မားဆုံး စစ်တပ်နှစ်ခု ဖြစ်သည်။ ဒေသတွင်းတွင် အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု နှစ်စုရှိပြီး တိုက်လေယာဉ် ပေါင်း ၂၀၀ ကျော် ရှိနေချိန်တွင် နှစ်ရှည်လများ ပိတ်ဆို့အရေးယူမှု ခံထားရသော အီရန်တွင် ပြောပလောက်သော လေတပ်အင်အား မရှိပေ။ အစ္စရေးနှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် လေကြောင်းစိုးမိုးမှုကို အပြည့်အဝ ရရှိထားသည်။
သို့သော် တဟီရန်တွင်လည်း အားသာချက်အချို့ ရှိနေသေးသည်။ လက်ရှိအုပ်ချုပ်ရေးစနစ်သည် အားနည်းနေပြီး ပြည်သူအများစု၏ ထောက်ခံမှု မရရှိ သော်လည်း ဤပဋိပက္ခတွင် ရေရှည်ရှင်သန်နိုင်လျှင်ပင် ၎င်းကိုယ်၎င်း အနိုင်ရရှိသူအဖြစ် ကြေညာနိုင်မည်ဖြစ်သည်။ အနစ်နာခံလိုစိတ် မြင့်မားသော အစ္စလာမ္မစ်သမ္မတနိုင်ငံသည် အမေရိကန်ထက် ပိုမို၍ နာကျင်မှုကို ခံနိုင်ရည်ရှိပြီး ဤပဋိပက္ခ ကြာရှည်လေလေ သမ္မတ ထရန့်အနေဖြင့် ထွက်ပေါက်ရှာရန် ပိုမိုစိတ်အားထက်သန်လာလေလေ ဖြစ်လိမ့်မည်။
အမေရိကန်နှင့် အီရန်တို့ ဆွေးနွေးပွဲများ ပြန်စမလား။
အကယ်၍ အီရန်အုပ်ချုပ်ရေးစနစ် ပြိုလဲသွားပါက ဆွေးနွေးရန် မလိုတော့ပေ။ သို့သော် အကယ်၍ ၎င်းတို့ ဆက်လက်ရှင်သန်နေပါက ဝါရှင်တန်၏ တောင်းဆိုချက် သုံးရပ်ဖြစ်သော အီရန်၏ နျူကလီးယားအစီအစဉ်ကို စစ်ဆေးမှုများ ပြန်လည်လက်ခံရန်အပါအဝင် ကန့်သတ်ရန်၊ ဘော်လစတစ်ဒုံးကျည် အစီအစဉ်ကို ရပ်တန့်ရန်နှင့် ဒေသတွင်းရှိ ဟစ်ဇဘိုလာ၊ ဟားမတ်စ်နှင့် ဟူသီကဲ့သို့သော လက်ဝေခံ လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့နေမှု ရပ်တန့်ရန် ဆိုသည့်အချက်များမှာ ပြန်လည်အာရုံစိုက်စရာ ဖြစ်လာလိမ့်မည်။
ပြီးခဲ့သည့်လက ဂျီနီဗာတွင် ပြုလုပ်ခဲ့သော နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများတွင် တိုးတက်မှုများရှိခဲ့ကြောင်း အိုမန်က ပြောကြားသော်လည်း အီရန်က ကျန်သည့် အချက်နှစ်ချက်ကို ဆွေးနွေးရန် ငြင်းဆိုခဲ့သဖြင့် ဒေါ်နယ်ထရန့်က “ ဆွေးနွေးပွဲတွေ သွားနေတဲ့ပုံစံကို သဘောမကျဘူး” ဟု ပြောကြားခဲ့သည်။
နောက်ကွယ်မှ ဆက်သွယ်မှုများကြောင့် အပစ်အခတ်ရပ်စဲရေး ရရှိနိုင်ပြီး ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်သော်လည်း နှစ်ဖက်စလုံး၏ ရပ်တည်ချက်များ မပြောင်းလဲပါက စစ်ရေးအရ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာနိုင်ပါသည်။ ထို့ကြောင့် ဤပဋိပက္ခမှာ အဆုံးသတ်ရန် ဝေးကွာနေဆဲ ဖြစ်ပါသည်။

ယခုပုံတွင် မြင်တွေ့ရသည့် အဘူဒါဘီကဲ့သို့ ပင်လယ်ကွေ့နိုင်ငံများမှ မြို့ကြီးများသည် ဒရုန်းများနှင့် ဘော်လစတစ်ဒုံးကျည်များ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် တည်ဆောက်ထားခြင်း မဟုတ်ပေ။ (ပုံ)







