CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်
ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ ဟိုတယ်မှ ထွက်ပြေးခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေကြောင်း သတင်းရင်းမြစ်တစ်ခုက CNN Sports သို့ ပြောကြားခဲ့သည်။
သြစတြေးလျတွင် ကျင်းပနေသည့် အမျိုးသမီး အာရှဖလား ပြိုင်ပွဲတွင် ပါဝင်ကစားနေသော အဆိုပါ ကစားသမားများသည် ၎င်းတို့၏ နေရပ်ဖြစ်သော အီရန်နိုင်ငံသို့ ပြန်ပါက ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်သဖြင့် နိုင်ငံတွင်းမှ ထွက်ခွာခွင့်ကို တားဆီးပေးရန် တောင်းဆိုမှု များ၏ ဗဟိုချက် ဖြစ်လာခဲ့သည်။ အီရန်နိုင်ငံသည် လက်ရှိတွင် သဘောထားတင်းမာသည့် သြဇာအရှိဆုံး ခေါင်းဆောင်သစ် (Supreme Leader) လက်အောက်တွင် အမေရိကန်၊ အစ္စရေး တို့နှင့် စစ်ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် တနင်္လာနေ့က ပထမဆုံးပွဲစဉ်မတိုင်မီ ကစားသမားများသည် အီရန်နိုင်ငံတော် သီချင်း လာနေစဉ်အတွင်း နှုတ်ဆိတ်ပြီး ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။ ယင်းလုပ်ရပ်အတွက် ၎င်းတို့ဘက်က ရှင်းလင်းချက် မပေးခဲ့သော်လည်း အီရန်ပြည်တွင်းရှိ သဘောထားတင်းမာသူ အချို့ကမူ ယင်းကို သစ္စာဖောက်မှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။
ဒုတိယပွဲစဉ်ဖြစ်သော ကြာသပတေးနေ့ပွဲ မတိုင်မီတွင်မူ ၎င်းတို့အား နိုင်ငံတော်သီချင်း အတင်းအကျပ် သီဆိုခိုင်းခဲ့ကြောင်း သတင်းရင်းမြစ်များက CNN Sports သို့ ပြောသည်။ တနင်္ဂနွေနေ့က ဖိလစ်ပိုင်ကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မတိုင်မီတွင်လည်း ၎င်းတို့သည် နိုင်ငံတော်သီချင်းကို ထပ်မံသီဆိုခဲ့ရပြီး စစ်ဘက်ဆိုင်ရာ အလေးပြုမှု (Military Salute) ပြုလုပ်ခဲ့ကြသည်။
တနင်္ဂနွေနေ့က ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဘတ်စ်ကား ထွက်ခွာသွားစဉ် ထောက်ခံသူများက ကားအနီးတွင် စုရုံးကာ “ ကျွန်တော်တို့ရဲ့ မိန်းကလေးတွေကို ကယ်တင်ပေးပါ” ဟု ရဲတပ်ဖွဲ့ကို အော်ဟစ်တောင်းဆိုခဲ့ကြသည်။
လူ့အခွင့်အရေး လှုပ်ရှားသူနှင့် ဒေသခံ အီရန်အသိုင်းအဝိုင်းဝင်တစ်ဦးဖြစ်သူ ဟာဒီ ကာရီမီ (Hadi Karimi) က ကားအပြင်ဘက်ရှိ ထောက်ခံသူများသည် ကားထဲရှိ ကစားသမား အနည်းဆုံး ၃ ဦးက အပြည်ပြည်ဆိုင်ရာ အကူအညီတောင်းခံသည့် လက်သင်္ကေတ (International hand signal for help) ပြုလုပ်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။ သို့သော်လည်း အသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကမူ ကစားသမား များသည် ထိုသင်္ကေတ၏ အဓိပ္ပာယ်ကို သိရှိပါ့မလားဟု CNN သို့ သံသယဖြင့် ပြောကြား ခဲ့သည်။
ဤအမျိုးသမီးများ၏ ဒုက္ခသည် အီရန်နိုင်ငံ၏ ရာထူးမှ ဖယ်ရှားခံခဲ့ရသော ရှာဘုရင် (Shah) ၏ သားဖြစ်သူ ရီဇာ ပါလဗီ (Reza Pahlavi) ထံသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီး၊ ၎င်းကလည်း သြစတြေးလျအစိုးရအနေဖြင့် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို အာမခံပေးရန် တောင်းဆိုမှု တွင် ပူးပေါင်းပါဝင်လာခဲ့သည်။ အကယ်၍ ၎င်းတို့ အီရန်သို့ ပြန်သွားပါက “ ဆိုးရွားသော နောက်ဆက်တွဲကျိုးဆက်များ” နှင့် ရင်ဆိုင်ရလိမ့်မည်ဟု X (ယခင် Twitter) တွင် သတိပေး ရေးသားခဲ့သည်။
“ လက်ရှိအစိုးရရဲ့ နိုင်ငံတော်သီချင်းကို သီဆိုဖို့ ငြင်းဆန်ခဲ့တဲ့ သူတို့ရဲ့ ရဲရင့်တဲ့ အာဏာဖီဆန်မှု လုပ်ရပ်ကြောင့် သူတို့ အီရန်ကို ပြန်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု ပါလဗီက ရေးသားခဲ့သည်။ “ သြစတြေးလျ အစိုးရအနေနဲ့ သူတို့ရဲ့ ဘေးကင်းရေးကို အာမခံပေးဖို့နဲ့ လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။”
ဘောလုံးအသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကမူ တနင်္ဂနွေနေ့ပွဲသို့ လာရောက်သူ အချို့မှာ အနာဂတ် အီရန်ခေါင်းဆောင် ဖြစ်လာနိုင်ခြေရှိသည့် ပါလဗီအတွက် နိုင်ငံရေးအရ ထောက်ခံမှုရရှိရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း CNN သို့ ပြောသည်။
အာဏာဖီဆန်မှုဖြစ်ပြီးနောက် နှုတ်ဆိတ်သွားခြင်း
အီရန်အမျိုးသမီးအသင်းသည် အိမ်နီးချင်းနိုင်ငံများအထိ ကူးစက်လာသော အမေရိကန်၊ အစ္စရေးတို့နှင့် ပဋိပက္ခများကြောင့် ၎င်းတို့နိုင်ငံအတွင်း ကမောက်ကမ ဖြစ်နေသည့် သီတင်းပတ်အတွင်း သြစတြေးလျ၌ အာရှဖလားကို ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
စစ်ပွဲကြောင့် နိုင်ငံတကာ ခရီးသွားလာမှုများ ပြတ်တောက်နေပြီး၊ လေကြောင်းပိုင်နက်များ ပိတ်ထားခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြောင့် လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းသို့ ပျံသန်းရန် ခက်ခဲနေသော်လည်း၊ ထောက်ခံသူများကမူ ဤအမျိုးသမီး များကို အရှေ့အလယ်ပိုင်းသို့ မပို့ဆောင်မီ တတိယနိုင်ငံတစ်ခု (ဥပမာ- တရုတ်၊ ရုရှား သို့မဟုတ် မလေးရှား) သို့ ခေါ်ဆောင်သွားမည်ကို စိုးရိမ်နေကြသည်။
သြစတြေးလျ လက်ရွေးစင်ဟောင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ခရိတ် ဖော်စတာ (Craig Foster) က “ အဖွဲ့အစည်း အမြောက်အမြား” သည် သြစတြေးလျတွင် ရှိနေစဉ်အတွင်း ထိုအမျိုးသမီးများနှင့် စကားပြောဆိုရန် ကြိုးပမ်းခဲ့သော်လည်း အခွင့်အရေး ငြင်းပယ် ခံခဲ့ ရသည်ဟု ဆိုသည်။
“ ဘယ်အားကစားသမားအဖွဲ့ကိုမှ သူတို့ရဲ့ ကိုယ်ပိုင်အဖွဲ့ချုပ်က ဓားစာခံသဖွယ် ထိန်းသိမ်း ထားပြီး ပြင်ပအကူအညီတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာမျိုး မရှိသင့်ဘူး” ဟု ၎င်းက ပြောသည်။ ကစားသမားများသည် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သဖြင့် အာရှဘောလုံး အဖွဲ့ချုပ် (AFC) တွင် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ရှိသည်ဟု ၎င်းက ဆိုသည်။
“ သြစတြေးလျ ဘောလုံးအသိုက်အဝန်းက သူတို့ကို ပထမဆုံး တောင်းဆိုတာကတော့ ကစားသမားတွေကို ဘေးကင်းပြီး ယဉ်ကျေးမှုအရ သင့်လျော်တဲ့ အကူအညီပေးရေး ကွန်ရက်တွေနဲ့ ဆက်သွယ်ခွင့်ပေးဖို့ပါပဲ။ ဒါမှသာ သူတို့ မလုံခြုံဘူးလို့ ခံစားရရင် ဒါမှမဟုတ် ဘာဖြစ်ချင်သလဲဆိုတာကို လျှို့ဝှက်စွာနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်မှာ ဖြစ်ပါ တယ်” ဟု ၎င်းက ဆက်ပြောသည်။
CNN အနေဖြင့် မှတ်ချက်ပေးရန် AFC၊ FIFA နှင့် အီရန်ဘောလုံးအဖွဲ့ချုပ်တို့ထံ ဆက်သွယ် ထားသော်လည်း တုံ့ပြန်မှု မရှိသေးပေ။
ဒေသတွင်း ဘောလုံးသမားများကို ကိုယ်စားပြုသည့် FIFPRO Asia/Oceania ၏ ဥက္ကဋ္ဌ ဗျူး ဘတ်ရှ် (Beau Busch) က အီရန်အသင်းသားများနှင့် ဆက်သွယ်၍ မရသေးကြောင်း ABC သို့ ပြောကြားခဲ့သည်။ ယင်းမှာ “ အလွန်အမင်း စိုးရိမ်စရာကောင်းသည်” ဟု ဆိုသော်လည်း ယခုနှစ်အစောပိုင်းက အီရန်အစိုးရ၏ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုအပြီးတွင် ယခုကဲ့သို့ ပြဿနာများ ရှိလာနိုင်သည်ကို ၎င်းတို့အဖွဲ့က ကြိုတင်ခန့်မှန်းထားကြောင်း ပြောသည်။ “ အခု ကျွန်တော်တို့ရဲ့ တာဝန်က သူတို့ ဘေးကင်းစေဖို့ ကျွန်တော်တို့ တတ်နိုင် သမျှ အကုန်လုပ်ပေးဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင် (Penny Wong) ကမူ သြစတြေးလျ အရာရှိများနှင့် အီရန်ကစားသမားများအကြား အဆက်အသွယ် ရှိ၊ မရှိ မေးမြန်းမှုကို တနင်္ဂနွေနေ့က ဖြေကြားရန် ငြင်းဆိုခဲ့သည်။ သူမအနေဖြင့် “ အီရန်အမျိုးသမီးအသင်းနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တွေ မပေးလိုဘူး” ဟု ဆိုသည်။
“ ကျွန်မတို့ဟာ အီရန်အမျိုးသား၊ အမျိုးသမီးတွေ၊ အထူးသဖြင့် အီရန်အမျိုးသမီးထုနဲ့ မိန်းကလေးငယ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်ပါတယ်။ အီရန်အစိုးရဟာ သူ့ရဲ့ ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ အစိုးရဆိုတာ ကျွန်မတို့ သိပါတယ်” ဟု အမျိုးသား ရုပ်သံလွှင့်ဌာနဖြစ်သော ABC သို့ ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အီရန်နည်းပြ မာဇီယေး ဂျာဖာရီ (Marziyeh Jafari) က အသင်းအနေဖြင့် နေရပ်သို့ ပြန်လိုကြောင်း ပြောကြားခဲ့သည်။ “ ပုဂ္ဂိုလ်ရေးအရတော့ ကျွန်မ တတ်နိုင်သမျှ အမြန်ဆုံး ကိုယ့်နိုင်ငံကို ပြန်ပြီး ကိုယ့်မိသားစု၊ ကိုယ့်လူမျိုးတွေနဲ့ အတူရှိချင်ပါတယ်” ဟု သူမက ဆိုသည်။
ကွင်းစလန်း (Queensland) ရှိ အီရန်လူမှုအဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ကာရီမီက ထောက်ခံသူများသည် ကစားသမားများ၏ ဟိုတယ်ပြင်ပတွင် စုရုံးခဲ့ကြပြီး၊ တင်းကျပ်သော လုံခြုံရေးကြောင့် ၎င်းတို့နှင့် ဆက်သွယ်၍ မရသောအခါ ဒေသခံ သြစတြေးလျရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့သည် တနင်္လာနေ့တွင်လည်း ဟိုတယ်သို့ ပြန်လည်ရောက်ရှိလာပြီး ကစားသမားများ လေဆိပ်သို့သွားရန် ကားပေါ်ပါ၊ မပါကို စောင့်ကြည့်နေကြသည်။ “ သူတို့ကို IRGC (အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့) နဲ့ ခွဲထုတ်ပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
“ သူတို့ကို အစ္စလာမ္မစ် အစိုးရအဖွဲ့ဝင်တွေနဲ့ ခွဲထုတ်ပြီး သီးသန့် တွေ့ဆုံမေးမြန်းပေးပါ” ဟု ၎င်းက တောင်းဆိုခဲ့သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ဂိုးကို့စ် (Gold Coast) အားကစားကွင်း၌ ကျင်းပသော ဖိလစ်ပိုင်နှင့် အမျိုးသမီး အာရှဖလား ပွဲစဉ်မတိုင်မီ အီရန်ကစားသမားများ နိုင်ငံတော်သီချင်းကို အလေးပြုနေစဉ်။ ဓာတ်ပုံ- Matthew Starling/SPP/Sipa USA







