‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
တီဟီရန် – အီရန်အစိုးရသည် အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ထားကြောင်း အီရန်ထိပ်တန်းအရာရှိတစ်ဦးက သတိပေးလိုက်ပြီး၊ သမ္မတ ဒေါ်နယ်ထရန့်ကို ပဋိပက္ခမှ နောက်ဆုတ်သွားစေရန် တိုက်တွန်းနိုင်ရေးအတွက် ပင်လယ်ကွေ့နိုင်ငံများကို ဆက်လက် တိုက်ခိုက်သွားရန် ဆန္ဒရှိနေကြောင်း အရိပ်အယောင်ပြခဲ့သည်။
စစ်ပွဲ၏ ၁၀ ရက်မြောက်နေ့တွင် အီရန်အစိုးရ၏ သဘောထား ပိုမိုတင်းမာလာသည့် လက္ခဏာအဖြစ် လက်ရှိတွင် သံတမန်ရေးရာ လမ်းစများကို ပယ်ချလိုက်ပြီး စီးပွားရေး ဆိုင်ရာ ထိခိုက်နစ်နာမှုများမှတစ်ဆင့်သာ စစ်ပွဲအဆုံးသတ်လိမ့်မည်ဟု အီရန်အဓိပတိရုံး၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ကာမယ်လ် ခါရာဇီ (Kamal Kharazi) က တီဟီရန်မြို့၌ ပြုလုပ်သော CNN နှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“သံတမန်ရေးအတွက် ဘယ်လိုအခွင့်အလမ်းမှ ကျွန်တော် မမြင်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်နယ်ထရန့်ဟာ တခြားသူတွေကို လှည့်ဖြားနေပြီး သူ့ရဲ့ကတိတွေကို မတည်ခဲ့ လို့ပါပဲ။ ကျွန်တော်တို့ ဒါကို ညှိနှိုင်းမှု နှစ်ကြိမ်မှာ အတွေ့အကြုံရခဲ့ပြီးပြီ။ ညှိနှိုင်းနေတုန်းမှာပဲ သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာ” ဟု ခါရာဇီက တနင်္လာနေ့တွင် CNN သို့ ပြောကြားခဲ့သည်။
“အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ရန်စမှုတွေ ရပ်တန့်ဖို့ တခြားနိုင်ငံတွေက ကြားဝင် အာမခံပေးရလောက်အောင် စီးပွားရေးအရ ဖိအားတွေ အကြီးအကျယ် ဖြစ်မလာမချင်းတော့ တခြားလမ်းမရှိဘူး” ဟု ခါရာဇီက ဆိုကာ ပင်လယ်ကွေ့ အာရပ်နိုင်ငံများနှင့် အခြားနိုင်ငံများ အနေဖြင့် စစ်ပွဲရပ်တန့်ရန် အမေရိကန်ကို ဖိအားပေးရန် လိုအပ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
“ဒီစစ်ပွဲဟာ တခြားသူတွေအပေါ်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စွမ်းအင်ပြတ်လပ်မှု စတဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေ အများကြီး ဖြစ်ပေါ်စေတယ်။ အကယ်၍ စစ်ပွဲသာ ဆက်ဖြစ် နေမယ်ဆိုရင် ဒီဖိအားတွေက ပိုတိုးလာမှာဖြစ်လို့ တခြားသူတွေအနေနဲ့ ကြားဝင်ဆောင်ရွက် ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမေရိကန်နှင့် အစ္စရေးတို့ စစ်ပွဲစတင်ကတည်းက အီရန်သည် အရှေ့အလယ်ပိုင်းတစ်လွှားရှိ နိုင်ငံအများအပြားကို တိုက်ခိုက်ခဲ့သည်။ တီဟီရန်က ၎င်းတို့သည် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်၏ အကျိုးစီးပွားများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသော်လည်း လူနေအိမ်ခြေများနှင့် လေဆိပ်များမှာလည်း ထပ်တလဲလဲ တိုက်ခိုက်ခံနေရသည်။
အီရန်၏ တိုက်ခိုက်မှုများသည် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကုန်သွယ်မှု၏ ထိခိုက်လွယ်မှုကို အသုံးချခဲ့သည်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေကြောင်း သွားလာမှုမှာ လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့ပြီး၊ တနင်္လာနေ့တွင် ရေနံစိမ်းစျေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားကာ ငွေကြေးဈေးကွက်နှင့် စတော့ရှယ်ယာဈေးကွက်ကို တုန်လှုပ်စေခဲ့သည်။
Rapidan Energy Group မှ သမိုင်းဆိုင်ရာ အချက်အလက်များအရ လက်ရှိပဋိပက္ခကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၂၀% ခန့် ပြတ်တောက်သွားပြီး၊ ၎င်းမှာ ၁၉၅၆-၁၉၅၇ စူးအက် တူးမြောင်း အကျပ်အတည်းကာလက စံချိန်ထက် နှစ်ဆခန့် ပိုမိုများပြားကြောင်း သိရသည်။
စစ်ပွဲသည် ဒေသတွင်းမှ ရေနံစီးဆင်းမှုကို ဟန့်တားရုံသာမက၊ စွမ်းအင်ဈေးကွက်တွင် ရှော့ခ်ဖြစ်မှုကို ထိန်းညှိပေးလေ့ရှိသည့် “ အပိုထုတ်လုပ်နိုင်စွမ်း” (Spare capacity) ကိုလည်း ထိရောက်စွာ ဖျက်ဆီးပစ်ခဲ့သည်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ အီရန်သည် ၎င်း၏ တိုက်ခိုက်နိုင်စွမ်း ၆၀% ကို အသုံးပြု၍ ဒေသတွင်းရှိ အမေရိကန်စခန်းများနှင့် “ မဟာဗျူဟာမြောက် အကျိုးစီးပွားများ” ကို တိုက်ခိုက်နေကြောင်း ဆိုသည်။
တစ်ချိန်တည်းမှာပင်၊ ယခင်အဓိပတိ အလီ ခါမေနီ (Ali Khamenei) ၏ ဒုတိယမြောက်သား ဖြစ်သူ မာ့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံ၏ အမြင့်ဆုံးရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရပြီး၊ ၎င်းမှာ ပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင် သည့် အလားအလာကို ဖော်ပြနေသည်။
အီရန်စစ်တပ်နှင့် အဓိပတိရုံးတို့သည် ရှေ့ဆက်လုပ်ဆောင်ရာတွင် တစ်စိတ်တစ်ဝမ်းတည်း ရှိပါသလားဟု မေးမြန်းရာတွင် ခါရာဇီက “ ဟုတ်ပါတယ်၊ အတိအကျပါပဲ” ဟု ဖြေကြားခဲ့သည်။
“အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ခေါင်းဆောင်ရဲ့ တာဝန်ဟာ အီရန်ရဲ့ ခုခံကာကွယ်နိုင်စွမ်းကို ဦးဆောင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် အယာတိုလာ ခါမေနီ လုပ်ဆောင်ခဲ့သလိုပဲ အခု ခေါင်းဆောင်သစ်ကလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထရန့်က ခါမေနီ၏ သားဖြစ်သူကို ဆက်ခံသူအဖြစ် ခန့်အပ်ခြင်းမှာ ၎င်းအတွက် “ လက်ခံနိုင်စရာမရှိ” ကြောင်း ပြောကြားခဲ့သည်။
ထိုပြောကြားချက်အပေါ် ခါရာဇီက “အဲဒါ သူနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး” ဟု တုံ့ပြန်ခဲ့သည်။

ခါရာဇီ (ပုံ)







