စနေနေ့က ရင်ဆိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ လီဗာပူးနဲ့ ၀ုဗာဟမ်တန်တို့ ၂ ဂိုးစီ သရေရလဒ်ထွက်ပေါခဲ့ပါတယ်။ လီဗာပူးအသင်းက အိမ်ကွင်းအန်ဖီးလ်မှာ ဆာလက်၊ နူနက်တို့နဲ့အတူ မကြာသေးမီကမှ ခေါ်ယူထားတဲ့ နယ်သာလန်တိုက်စစ်မှူးဂတ်ပိုကို ပွဲထုတ်လာခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ဒဏ်ရာရနေတဲ့ ဗန်ဒိုက်နေရာမှာ ကိုနာတီကို မာတစ်နဲ့တွဲဖက်ပြီး ပွဲထုတ်ခဲ့တာပါ။
ဧည့်သည်၀ုဗာဟမ်တန်အသင်းကတော့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ချန်လှပ်ပြီး ဂျင်မီနက်ဇ်၊ ဂွန်ကာလိုဂွီဒက်စ်တို့နဲ့ ၄-၄-၂ ကစားကွက်အတိုင်းပွဲထွက်လာခဲ့ရာမှာ ပွဲချိန် ၂၆ မိနစ်အရောက်မှာ လီဗာပူးဂိုးသမား အလစ်ဆန်ရဲ့ လူပေးမှားရာကတစ်ဆင့် ဂွီဒက်စ်က ၀ုဗ်အတွက် ဦးဆောင်ဂိုးစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာ လီဗာပူးက တိုက်စစ်အားကို ပိုမိုမြှင့်တင်ခဲ့ပေမယ့် ဂိုးရဖို့ ခက်ခဲနေခဲ့ပြီး ပထမပိုင်းပြီးဆုံးခါနီးမှသာ အာနိုးရဲ့ဖြတ်တင်ဘောကနေ နူနက်က ချေပဂိုးကို ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာ ဆာလက်က လီဗာပူးအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၆၆ မိနစ်မှာ ၀ုဗ်က လူစားဝင်လာတဲ့ တောင်ကိုရီးယားတောင်ပံတိုက်စစ်က စားသမား ဟွမ်ဟီချန်းက ချေပဂိုး ထပ်မံသွင်းယူသွားခဲ့လို့ ၂ ဂိုးစီသရေဖြစ်သွားခဲ့ပါတယ်။
ချေပဂိုးရပြီးနောက်မှာ ၀ုဗ်က စိတ်ဓါတ်ခွန်အားအသာနဲ့ လီဗာပူးကို ဆက်လက်ဖိအားပေးခဲ့ရာမှာ နောက်ခံလူ တော့တီရဲ့ နောက်ပေါက်ကန်ချက်က ဂိုးဝင်သွားခဲ့ပေမယ့် ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီသရေနဲ့သာ အဆုံးသတ်ခဲ့ပြီး တတိယအဆင့်ပွဲစဉ်ကို ၀ုဗာဟမ်တန်အိမ်ကွင်းမှာ ထပ်မံကစားရတော့မှာ ဖြစ်ပါတယ်။
Era’sEye |SportNews