၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက်
ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက် ICNCC သည် အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပြီး ICNCC သည် ချင်းအမျိုးသားအများစုကို ကိုယ်စားပြုကြောင်းလည်း အကောင်းမြင်သည်ဟုဆိုသည်။
ထို့ပြင် ချင်းပြည်နယ်သည် အိမ်နီးချင်းဖြစ်သည့်အတွက် အဖွဲ့အစည်းအတွင်း ဆောင်ရွက်နေသူများကို ထိုထက် ပိုမိုအားစိုက်လုပ်ကြရန် အားပေးစကားပြေကြားခဲ့ပြီး နွေဦးတော်လှန်ရေးကို ဗဟိုပြုပြီး ၅ နှစ်တာကာလတွင် ပေါ်ပေါက်လာခြင်းနှင့် ဆက်ဆံမှုရှိသည့်အဖွဲ့အစည်းများ ဖြစ်သည့်အတွက် ဘုံရည်မှန်းချက် တူညီသူများလည်း ဖြစ်သည်ဟု ဆိုသည်။
ထို့အတူ ခွန်အားအပြည့် လုံ့လဝီရိယအပြည့်နှင့် အလုပ်လုပ်ကြရန်နှင့် အားလုံးဝိုင်းဝန်းလုပ်ကြသလို တယောက်ချင်းလည်း အားစိုက်ထုတ်လုပ်ကြဖို့လိုကြောင်း တိုက်တွန်းခဲ့သည်။
ထို့ပြင် မျှော်မှန်းချက်များကို ဆက်ပြီးကြိုးပန်းကြရန်နှင့် မြန်မာကို မြန်မာက ပြန်လည်တော်လှန်ခြင်းသည် နှစ် ၁၀၀ အတွင်းမှာ တကြိမ်လောက်သာ ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက် ရည်မှန်းချက်ကို အစွမ်းကုန် အောင်မြင်အောင်လုပ်ကြလည်း တိုက်တွန်းခဲ့သည်။
တယောက်နှင့် တယောက်၊ တဖွဲ့နှင့်တဖွဲ့ အကြား သဘောထားကြီးမြတ်မှု၊ ပကတိမြေပြင် အခြေအနေများကို အမှန်တကယ် သိရှိနားလည်ရန် တွက်ဆတတ်ဖို့၊ စည်းလုံးညီညွတ်ကြဖို့၊ တဖွဲ့နှင့်တဖွဲ့ မဟာမိတ်ပေါင်းစပ်မှု ဘယ်လောက်ရှိသလဲ ဝင်ဆန့်နိုင်မှု ဘယ်လောက် ရှိသည်ဆိုသည့်အပြင် စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်းများ ပြည့်စုံနေဖို့ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ကြဖို့ တိုက်တွန်းခဲ့သည်။
စစ်အင်အားအသာရမှ ကိုယ့်လူမျိုးကို ကာကွယ်နိုင်မှာ ဖြစ်သည့်အတွက် မြန်မာမှာရော ကမ္ဘာမှာပါ စစ်အင်အားကြီးတဲ့သူကသာ အရာရာမှာ အောင်နိုင်တယ်ဆိုသည့် သဘောတရားရှိသည့်အတွက် ချင်းနှင့်သက်ဆိုင်သည့် စစ်အင်အားများကို ပို၍အားကောင်းအောင် လုပ်ကြဖို့ စစ်ဖက်ဆိုင်ရာအစုအဖွဲ့တွေကို ပြင်ဆင်ဖို့နှင့် စနစ်ကျသည့် အဖွဲ့အစည်းဖြစ်ဖို့ကိုလည်း ကြိုးစားကြဖို့ တိုက်တွန်းခဲ့သည်။
ချင်းပြည်နယ်တွင် နိုင်ငံရေးအရ အားသန်သည်ဆိုသည်ကို တွေ့ရသော်လည်း စစ်ရေးဖက်မှာတော့ အာနည်းနေသေးသည့်အပိုင်းကို တွေ့ရသည်ဟု ထောက်ပြခဲ့ပြီး ICNCC ချင်းအမျိုးသားဦးဆောင်နေသူများ အရင်က အားနည်းချက်များကို အားသာချက်အဖြစ် ရောက်ရှိအောင် ကြိုးပမ်းသွားရန် ပြောကြားခဲ့သည်။
သူက ဆက်လက်ပြီး “အဓိကခေါင်းဆောင် အချင်းချင်း နားလည်မှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ ညီအကိုစိတ်ဓါတ်ရှိမှုတို့သည် မရှိမဖြစ် လိုအပ်သည်ဆိုခြင်းကို” အားလုံး သိပြီးဖြစ်သည်ဟုလည်း ပြောခဲ့သည်။ ၅ နှစ်တာကာလကရခဲ့သည့် အကြံဉာဏ်များအတွေ့အကြုံတွေ ရင့်ကျက်လာမှုများကို အခြေခံပြီး အိမ်နီးချင်းပီသစွာ ချင်း၊ ရခိုင်၊ မြန်မာတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပြီး ကြံကြံခိုင် ရင်ဆိုင်သွားကြရမည့် အချိန်ကာလလည်းဖြစ်သည်ဟု နိဂုံးချုပ် ပြောဆိုခဲ့သည်။







