ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်
အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တောင်ပိုင်းတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော ထိတွေ့တိုက်ပွဲများအတွင်း ဟစ်ဇဘိုလာအဖွဲ့က လက်ဘနွန်နိုင်ငံအတွင်း၌ အစ္စရေးစစ်သား ၄ ဦးကို သတ်ဖြတ်ခဲ့မှုလည်း ပါဝင်ခဲ့ပြီး၊ ယင်းသို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းက အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲကို အဆုံးသတ်ရန် ချုပ်ဆိုထားသည့် သဘောတူညီချက်ကို ထိခိုက်ပျက်ပြားစေလိမ့်မည်ဟူသော စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာပြီး နောက် ယခုနောက်ဆုံး သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်က အပစ်အခတ်ရပ်စဲရေးသည် အာဏာသက်ရောက်မှုရှိနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း၊ နောက်ပိုင်းတွင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့၏ တပ်ဖွဲ့များသည် “ လက်ငင်းကျရောက်နေသော ခြိမ်းခြောက်မှုများကို ဆက်လက်ဖယ်ရှား သွားမည်” ဟု ပြောကြားခဲ့သည်။
ဟစ်ဇဘိုလာအဖွဲ့သည် အပစ်အခတ်ရပ်စဲရေးကို အတည်ပြုရန် ရှိသေးသော်လည်း အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ရှိတ်ခ် နိုင်မ် ကာဆမ် (Sheikh Naim Qassem) က “ ဟစ်ဇဘိုလာကို အမြစ်ပြတ်ချေမှုန်းမယ့် စီမံကိန်းဟာ ကျဆုံးသွားပါပြီ” ဟု ပြောကြား ခဲ့သည်။
နာဘာတီးယား (Nabatieh) မြို့ရှိ ကယ်ဆယ်ရေးအရာရှိများက ဘီဘီစီသို့ ပြောကြားရာတွင် ဒေသစံတော်ချိန် ၁၆:၀၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၃:၀၀ နာရီ) ၌ အပစ်အခတ်ရပ်စဲရေး စတင်ကတည်းက အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
လူသေဆုံးမှုများပြားခဲ့သည့် ယခုကဲ့သို့ စစ်ရေးအရှိန်မြှင့်တင်မှုသည် ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်နှင့်ချုပ်ဆိုထားသော ၎င်း၏သဘောတူညီချက် ကံကြမ္မာကို မလွဲမသွေ ထိန်းချုပ်နိုင်စွမ်း မရှိသေးကြောင်း ပြသနေသည့် နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်သည်။
နားလည်မှုစာချွန်လွှာတွင် လက်ဘနွန်နိုင်ငံအတွင်း၌၎င်း၊ အမေရိကန်နှင့် အီရန်တို့အကြား၌ ၎င်း အပစ်အခတ်ရပ်စဲရန် ကြေညာထားသည်။ သို့သော်လည်း မြေပြင်အခြေအနေမှာ ထိုသို့ဖြစ်မနေဘဲ ကွဲလွဲနေခြင်းကြောင့် တယ်ဟီရန် (အီရန်အစိုးရ) က ထရမ့်အနေဖြင့် အစ္စရေးကို ထိန်းချုပ်ရန် ပျက်ကွက်နေသည်ဟု စွပ်စွဲရန် အကြောင်းဖန်လာခဲ့သည်။
ထရမ့်ကိုယ်တိုင်ကလည်း ၎င်း၏မဟာမိတ်ဖြစ်သူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟုကို ယခင်က မရှိဖူးသေးသည့် စွပ်စွဲချက်များဖြင့် ပြစ်တင်ဝေဖန်ခဲ့ပြီး၊ နေတန်ယာဟု သည် ဟစ်ဇဘိုလာကို တိုက်ခိုက်ရာတွင် အရပ်သားများကို အဓိပ္ပာယ်မဲ့ သတ်ဖြတ်နေကြောင်း ပြောဆိုကာ အဆိုပါအငြင်းပွားမှုကို ပိုမိုမီးထိုးပေးခဲ့သည်။
လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဖြစ်ပွားခဲ့သော စစ်ရေးပြင်းထန်မှုက ပြဿနာများကို ပိုမိုကြီးထွားစေသည်။
အိမ်ဖြူတော်က အပစ်အခတ်ရပ်စဲရေး အသက်ဝင်နေပြီဟု အခိုင်အမာဆိုနေသော်လည်း အစ္စရေး၏ လက်ယာစွန်းရောက် အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben Gvir) က အစ္စရေးစစ်သားများ သေဆုံးမှုအပေါ် တုံ့ပြန်ရာတွင် “ လက်ဘနွန်ဟာ ပြာကျရမယ်… အစ္စရေးမိခင်တစ်ယောက်ရဲ့ ကျဆင်းရတဲ့ မျက်ရည်တစ်စက်စီအတွက် လက်ဘနွန်မိခင် ၁,၀၀၀ ခန့် ငိုကြွေးရမယ်” ဟု ပြောကြားခဲ့သည်။
ထိုပြောကြားချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ခ်ချီ (Abbas Araghchi) က အစ္စရေးသည် “ အမြဲတမ်းစစ်ပွဲ” ကို လိုလားနေသည်ဟု စွပ်စွဲခဲ့ပြီး နားလည်မှုစာချွန်လွှာတွင် သတ်မှတ်ထားသည့် ကတိကဝတ်များကို ချိုးဖောက်မှု မှန်သမျှသည် “ အမေရိကန်၏ တာဝန်သာဖြစ်လိမ့်မည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။
ထရမ့်၏ သဘောတူညီချက်သည် အပြန်အလှန်အားဖြင့် မိမိတို့ဘက်မှ အစွန်းရောက်သမား များကို ထိန်းချုပ်ရန်နှင့် ချုပ်တည်းမှုပြသရန်အပေါ် မူတည်နေသော်လည်း ထိုသို့ဖြစ်လာမည့် အရိပ်အယောင်များမှာမူ အနည်းငယ်မျှသာ ရှိနေသည်။
နေတန်ယာဟုသည် ဟစ်ဇဘိုလာအပေါ် စစ်ရေးဆင်နွှဲမှုများ ဆက်လက်လုပ်ဆောင်ရန် ပြည်တွင်းဖိအားများနှင့် ရင်ဆိုင်နေရပြီး၊ တစ်ဖက်တွင်လည်း အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့က အစ္စရေး၏ လက်ဘနွန်တောင်ပိုင်း ကျူးကျော်မှု ဆက်ရှိနေသရွေ့ ၎င်းတို့၏ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။
လတ်တလော အပစ်အခတ်ရပ်စဲရေး ကြေညာချက် ထွက်ပေါ်လာပြီးနောက် အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒီဖရင် (Effie Defrin) က အစ္စရေးအနေဖြင့် “ လက်ငင်းကျရောက် နေသော ခြိမ်းခြောက်မှုများကို ဆက်လက်ဖယ်ရှားသွားမည်၊ ဟစ်ဇဘိုလာ၏ ချိုးဖောက်မှုများ ကို တုံ့ပြန်သွားမည်ဖြစ်ပြီး မိမိတို့ အရပ်သားများကို အကာအကွယ်ပေးရန်အတွက် လိုအပ် သည် မှန်သမျှကို လုပ်ဆောင်သွားမည်” ဟု ပြောကြားခဲ့သည်။
ဟစ်ဇဘိုလာအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ရှိတ်ခ် နိုင်မ် ကာဆမ် က သောကြာနေ့ တွင် ကြေညာရာ၌ “ ဟစ်ဇဘိုလာကို အမြစ်ပြတ်ချေမှုန်းမယ့် စီမံကိန်းဟာ ကျဆုံးသွားပါပြီ၊ အစ္စရေးတွေဟာ ငါတို့မြေပေါ်က နောက်ဆုံးလက်မအထိ ဆုတ်ခွာသွားရလိမ့်မယ်” ဟု ဆိုသည်။
ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမှာ ဟစ်ဇဘိုလာအဖွဲ့က လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး လမ်းညွှန်ဒုံးကျည်များဖြင့် တင့်ကား ၃ စီးကို ဖျက်ဆီးကာ စစ်သည်များကို ဒုံးကျည်နှင့် အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သေဆုံးခဲ့သည့် စစ်သည် ၄ ဦးအနက် တပ်ရင်းမှူးတစ်ဦး လည်း ပါဝင်ခဲ့သည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် လူ ၄၇ ဦး သေဆုံးခဲ့ပြီး ၉၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နာဘာတီးယားခရိုင်အတွင်း ဟာရော့ဖ် (Harouf) တွင် ၉ ဦး၊ ဟာဘော့ရှ် (Haboush) တွင် ၇ ဦးနှင့် အယ်လ်ဒူဝီယာ (al-Duweir) တွင် ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကြာသပတေးနေ့က နာဘာတီးယားခရိုင်တစ်ခုလုံးတွင် ညတွင်းချင်း ဗုံးကြဲတိုက်ခိုက်မှုသည် ယခုစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုများထဲမှတစ်ခုဖြစ်ကြောင်း နိုင်ငံပိုင်သတင်း အေဂျင်စီက စောစောပိုင်းတွင် ဖော်ပြခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သတင်းနှင့်ပတ်သက်၍ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် လက်ဘနွန် ပြည်သူများက အစ္စရေးအနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုက်နာလိမ့်မည် မဟုတ် ကြောင်း သံသယဖြစ်ပွားလျက်ရှိကြသည်။
အမျိုးသားတစ်ဦးက ရိုက်တာသတင်းအေဂျင်စီသို့ ပြောကြားရာတွင် “ သဘောတူညီချက် ကတော့ ကောင်းပါတယ်၊ ကျွန်တော်တို့အားလုံးလည်း သဘောတူညီချက်ကို လိုချင်ကြတာပဲ၊ ဒါပေမဲ့ အစ္စရေးတွေက လိုက်နာလေ့မရှိဘူး။” ဟု ဆိုသည်။
“ သူတို့ ဘယ်နှစ်ကြိမ်တောင် သဘောတူညီချက်တွေ လုပ်ခဲ့ပြီးပြီလဲ။ တစ်ကြိမ်မကပါဘူး၊ သူတို့ ကတိမတည်ကြဘူး။”
လက်ဘနွန်အစိုးရနှင့် အစ္စရေးတို့အကြား “ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး” ရရှိစေရန် ရည်ရွယ်သည့် တိုက်ရိုက်ဆွေးနွေးပွဲများကို လာမည့်သီတင်းပတ်တွင် ဝါရှင်တန်ဒီစီ၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သို့ ပြောကြားရာ၌ ဝါရှင်တန် ဆွေးနွေးပွဲများ တိုးတက်မှုရှိစေရန်အတွက် “ လက်ဘနွန်ပိုင်နက်အပေါ် အစ္စရေး၏ တိုက်ခိုက် မှုများကို ” အဆုံးသတ်စေမည့် “ ဘက်စုံအပစ်အခတ်ရပ်စဲရေး” တစ်ရပ် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု လက်ဘနွန်သမ္မတရုံးအရ သိရသည်။
လက်ဘနွန်နိုင်ငံသည် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲစတင်ပြီး မကြာမီမှာပင် စစ်ပွဲအတွင်းသို့ ဆွဲသွင်းခြင်းခံခဲ့ရကာ၊ အီရန်၏ အဓိကခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည့် တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ခဲ့သည်။
အစ္စရေးကလည်း လက်ဘနွန်နိုင်ငံတစ်ဝှမ်းကို ဗုံးကြဲတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့ပြီး ၎င်း၏ မြောက်ပိုင်းနယ်စပ်မှ ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားများကို မောင်းထုတ်ရန် ရည်ရွယ်ချက် ဖြင့် တောင်ပိုင်းရှိ နိုင်ငံပိုင်နက်၏ ၅ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားခဲ့သည်။
လတ်တလော ပဋိပက္ခများ စတင်ကတည်းက အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၃,၉၀၀ ကျော် သေဆုံးခဲ့ပြီး ၁၁,၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လူဦးရေ တစ်သန်းခန့်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပြီး တောင်ပိုင်းရှိ လူထုအခြေပြုကျေးရွာ ပေါင်းများစွာမှာလည်း လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။

ကြာသပတေးနေ့မှ သောကြာနေ့အကူး ညတွင်းချင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု များကြောင့် လူ ၄၇ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်က ပြောကြားသည် (ပုံ)။







