ရှက်တာဒိုးနက်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား မော့ဒရစ်ကို ရောင်းထုတ်လို့ရခဲ့တဲ့ ပြောင်းရွှေ့ကြေးထဲက ပေါင် ၂၂ သန်းကို ယူကရိန်းစစ်ပွဲအတွက် ထည့်ဝင်လှူဒါန်းသွားမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းဟာ ယူကရိန်းနေမာလို့ နာမည်ကြီးနေတဲ့ မော့ဒရစ်ကို ချဲလ်ဆီးအသင်းထံ ပေါင် ၈၉ သန်းနဲ့ ရောင်း ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအပြောင်းအရွှေ့က ရရှိတဲ့ ငွေကြေးထဲက ပေါင် ၂၂ သန်းကို Heart of Azovstal ဆိုတဲ့အမည်နဲ့ ပရောဂျက်တစ်ခုပြုလုပ်ကာ ရုရှားကျူးကျော်စစ်ကို ကြံ့ကြံ့ခံကာကွယ်နေတဲ့ ယူကရိန်းစစ်သည်တွေနဲ့ ကျဆုံးသွားခဲ့တဲ့ စစ်သည်တွေရဲ့ မိသားစုအတွက် ကူညီပေးသွားမယ်လို့ ရှက်တာဒိုးနက်အသင်းဥက္ကဌ အက်ခမီတော့ဗ်က အတည်ပြု ပြော ဆိုခဲ့တာပါ။
“ ကျတော်တို့အနေနဲ့ ယူကရိန်းကို အဘက်ဘက်က အားပေးကူညီကြတဲ့ တစ်ကမ္ဘာလုံးက မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်” လို့ အက်ခမီတော့ဗ်က ဆိုပါတယ်။ ဆက်လက်ပြီးသူက မိမိတို့အနေနဲ့ မော့ဒရစ်လို ကစားသမားမျိုးကို ယူကရိန်းမှာပဲ ဆက်ရှိနေစေချင်ခဲ့ပေမယ့် လက်ရှိမှာ ရုရှားရဲ့ မတရားတဲ့ကျူးကျော်စစ်ကို ဆင်နွှဲနေရတဲ့ ယူကရိန်းအတွက် မဖြစ်နိုင်သေးကြောင်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းရဲ့ Heart of Azovstal ဆိုတဲ့ပရောဂျက်မှာ နိုင်ငံကိုအသက်ပေး ကာကွယ်နေကြတဲ့ စစ်သည်တွေအတွက် ခြေတု၊ လက်တုတပ်ဆင်ပေးရေး၊ ဆေးဝါးကုသရေးနဲ့ ကျန်ရစ်ခဲ့သူမိသားစု တွေအတွက် ကူညီပံ့ပို့မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
Era’sEye |SportNews