CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်
တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ် ထားသူ နှစ်ဦးအပါအဝင် တရားသူကြီးများသည် ထရန့် ၏ အဓိက စီးပွားရေးမူဝါဒဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန်တိုးမြှင့်ခြင်း (global tariffs) ကို ပယ်ချလိုက်သည်။
ရေရှည်တွင်မူ၊ ဤဆုံးဖြတ်ချက်သည် ထရန့် ကိုယ်တိုင် (အနည်းဆုံး နိုင်ငံရေးအရ) နစ်မွန်းမည့် ဘေးမှ ကယ်တင်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
အချို့သော ရီပတ်ဘလီကန် များက ဤဆုံးဖြတ်ချက်ကို ဗြောင်ကျကျ ချီးကျူးနေကြပြီး၊ ကွယ်ရာတွင် ပျော်နေကြသူများလည်း အများအပြားရှိမည်မှာ သေချာပါသည်။
အကြောင်းမှာ ဤဆုံးဖြတ်ချက်သည် ထရန့် ၏ လုပ်ငန်းစဉ်များအတွက် ကြီးမားသော အဟန့်အတားဖြစ်စေသော်လည်း၊ တစ်ဖက်တွင်မူ နိုင်ငံ၏ စီးပွားရေးကို ရေတိုထိခိုက်စေပြီး ထရန့် ၏ ပါတီကို နိုင်ငံရေးအရ ထိုးနှက်နေသည့် လက်နက်များကို သူ့လက်ထဲမှ ဖယ်ရှား ပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
သို့သော် ဤသည်မှာ အကောက်ခွန်ဇာတ်လမ်း၏ အဆုံးသတ်မဟုတ်သေးပါ။ ထရန့် က သူ၏ လုပ်ပိုင်ခွင့်အာဏာ အသစ်တစ်ခုအောက်တွင် ၁၀ ရာခိုင်နှုန်း ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန် ကို ပြန်လည်စတင်မည်ဟု ချက်ချင်းအချက်ပြခဲ့သည် (စနေနေ့တွင်မူ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု ဆိုခဲ့သည်)။ သောကြာနေ့တွင် သူက တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် သူ၏ ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်မှုများကို ပိုမို “ အားကောင်း” စေသည်ဟုပင် ထူးထူး ဆန်းဆန်း ပြောဆိုခဲ့သေးသည်။
တကယ်တမ်းတွင်မူ ထိုသို့မဟုတ်ပါ။ ထရန့် ၏ အကောက်ခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်များသည် သိသိသာသာ အကန့်အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ရီပတ်ဘလီကန်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ကသာ ကိုင်တွယ်ရမည့် ကိစ္စများကိုပင် ထရန့် အား သူဘာသာ လုပ်ဆောင်ခွင့်ပြုခဲ့ကြသော်လည်း၊ ယခု အတားအဆီးကြောင့် GOP (ရီပတ်ဘလီကန်ပါတီ) အတွင်း၌ ထရန့် ၏ ကုန်သွယ်ရေးဆိုင်ရာ စွန့်စားမှုများကို ဆက်လက်လက်ခံပေးသင့်ခြင်း ရှိ၊ မရှိ ပြန်လည်သုံးသပ်လာဖွယ် ရှိပါသည်။
အကောက်ခွန်များကြောင့် ထရန့် မည်သို့ ထိခိုက်ခဲ့သနည်း
တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် သောကြာနေ့တွင် ထွက်ပေါ်လာခြင်းမှာ တိုက်ဆိုင်မှုဟု ဆိုရပါမည်။ ဆုံးဖြတ်ချက်မထွက်မီ မိနစ် ၉၀ အလိုတွင် စီးပွားရေးခွဲခြမ်းစိတ်ဖြာမှုဗျူရို (BEA) က စတုတ္ထသုံးလပတ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း (GDP) သည် ၁.၄ ရာခိုင်နှုန်း သာ ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်သည် ၂၀၁၆ နောက်ပိုင်း GDP တိုးတက်မှု အနိမ့်ဆုံး ဒုတိယမြောက်နှစ် ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်နှစ်သည် ဆယ်စုနှစ်များစွာအတွင်း အလုပ်အကိုင်အခွင့်အလမ်း အနည်းဆုံး နှစ်များ ထဲမှ တစ်ခုဖြစ်ခဲ့သည်။ ထို့ပြင် ဇန်နဝါရီလတွင် အနည်းငယ် ကျဆင်းသွားသော်လည်း အခြေအနေမကောင်းသေးသော ကုန်ဈေးနှုန်းကြီးမြင့်မှု (inflation) ပြဿနာလည်း ရှိနေဆဲ ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် စတော့ဈေးကွက်ကို ဖယ်ထားလျှင် စီးပွားရေးမှာ ကောင်းမွန်ခြင်း မရှိပါ။
စီးပွားရေး တုံ့ဆိုင်းနေမှုသည် အကောက်ခွန်များကြောင့်သာ ဖြစ်သည်ဟု တိတိကျကျ မပြောနိုင်သော်လည်း၊ ယင်းနှင့်ပတ်သက်သည့် မရေရာမှုများနှင့် ကုန်ကျစရိတ်များက စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်မှာ ထင်ရှားပါသည်။
အနည်းဆုံးတော့ အဆိုပါ အကောက်ခွန်များသည် အမေရိကန်ပြည်သူများအတွက် စီးပွားရေးအခက်အခဲများအတွက် ထရန့် ကို အပြစ်တင်ရန် အကြောင်းပြချက်တစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ထရန့် သည် စီးပွားရေးပညာရှင်များက ပြဿနာ တက်နိုင် သည်ဟု ခန့်မှန်းထားသည့် နည်းလမ်းကို အသုံးပြုကာ ခက်ခဲနေသော စီးပွားရေးကို သူကိုယ်တိုင် တာဝန်ယူကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။
တရားရုံးချုပ်က သူ့ကို မည်သို့ ကန့်သတ်လိုက်သနည်း
သောကြာနေ့မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲတွင် ထရန့် ကို တရားသူကြီး ဘရက် အမ် ကာဗင်နော့ (Brett M. Kavanaugh) က သဘောထားကွဲလွဲချက်ကို ကိုးကား၍ သူသည် အခြားသော အကောက်ခွန်လုပ်ပိုင်ခွင့်များကို ပြောင်းလဲအသုံးပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။
လက်ရှိတွင် အခြားရွေးချယ်စရာအချို့ ရှိနေသည်မှာ အမှန်ပင်။ ထရန့် က ၁၉၇၄ ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၁၂၂ အရ ၁၀ ရာခိုင်နှုန်း အကောက်ခွန်ကောက်ခံမည်ဟု ချက်ချင်းကြေညာခဲ့သည်။ “ အခု ကျွန်တော် မူလက သုံးနိုင်တဲ့ နည်းလမ်းထက် ပိုအားကောင်းတဲ့ နည်းလမ်းကို သုံးမှာပါ” ဟု ထရန့် က ဆိုသည်။
သို့သော် ထိုသို့မဟုတ်ပါ။
ရွေးချယ်စရာများ ရှိသော်လည်း ထရန့် က မူလနည်းလမ်းကို ဘာကြောင့် ရွေးချယ်ခဲ့သနည်း ဟူသော အကြောင်းရင်း ရှိပါသည်။ အကယ်၍ တရားရုံးက သူ့ကို အရေးပေါ်အာဏာသုံး၍ အကောက်ခွန်ကောက်ခွင့် ပြုခဲ့လျှင်၊ သူသည် အခြားနိုင်ငံများကို အပြစ်ပေးရန် သို့မဟုတ် စည်းရုံးရန်အတွက် ကြီးမားသော အကောက်ခွန်များကို အလျင်အမြန် ပြောင်းလဲသတ်မှတ် နိုင်သည့် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသော အခွင့်အာဏာကို ရရှိမည်ဖြစ်သည်။
လွှတ်တော်အနေဖြင့် ယင်းကို ကန့်ကွက်မဲပေးနိုင်သော်လည်း ထရန့် ၏ ဗီတိုအာဏာကို ကျော်လွှားနိုင်လောက်သည့် ကန့်ကွက်မဲအရေအတွက် ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ယခု သူအသုံးပြုမည့် ပုဒ်မ ၁၂၂ သည် အကောက်ခွန်ကို ၁၅ ရာခိုင်နှုန်းအထိသာ ကန့်သတ်ထားပြီး ရက်ပေါင်း ၁၅၀ အတွင်းသာ သက်တမ်းရှိသည်။ ထို့နောက်တွင် လွှတ်တော်၏ ခွင့်ပြုချက်ကို ထပ်မံရယူရမည် ဖြစ်သည်။ လတ်တလောတွင် လွှတ်တော် နှစ်ရပ်လုံးက ထရန့် ၏ အကောက်ခွန်များကို ကန့်ကွက်မဲပေးထားသည့်အတွက် သက်တမ်းတိုးရန်မှာ မလွယ်ကူပါ။
GOP (ရီပတ်ဘလီကန်ပါတီ) အပေါ် အကြည့်များ ရောက်ရှိနေခြင်း
ဤဆုံးဖြတ်ချက်သည် အကောက်ခွန်ကို သဘောမကျသော်လည်း နှုတ်ဆိတ်နေကြသည့် လွှတ်တော်တွင်း ရီပတ်ဘလီကန်များအား ယခုအခန်းကဏ္ဍကို အဆုံးသတ်ရန် အားပေး သကဲ့သို့ ဖြစ်လာမလားဆိုသည်မှာ စိတ်ဝင်စားစရာပင်။
ရီပတ်ဘလီကန် အများအပြားသည် ပြီးခဲ့သည့်နှစ်အတွင်း ထရန့် က အကောက်ခွန်များ သတ်မှတ်နေစဉ်အတွင်း လွှတ်တော်၏ “ လွတ်လပ်သော ဈေးကွက်နှင့် ကုန်သွယ်ရေး” ဆိုသည့် မူဝါဒနှင့် ဆန့်ကျင်နေသော်လည်း မျက်နှာလွှဲခဲပစ် အောင့်အည်း သည်းခံခဲ့ကြသည်။
သို့သော် ယခု တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် ထရန့် ၏ “ တစ်ကိုယ်တော်” လုပ်ဆောင် ချက်များအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်လာသည်။ တရားသူကြီး နီးလ်ဂေါ်ဆပ်ချ် (Neil Gorsuch) ကလည်း လွှတ်တော်အနေဖြင့် ဤကိစ္စများကို ဥပဒေပြုရေးလမ်းကြောင်း မှတစ်ဆင့် ကိုင်တွယ်ရန် တိုက်တွန်းခဲ့သည်။
ယခုအခါ ကျွန်ုပ်တို့သည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နှစ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤအကောက်ခွန်များ၏ အကျိုးဆက်သည် အရေးပါလာပါသည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်မတိုင်မီကပင် ထရန့် ၏ လုပ်ငန်းစဉ်အပေါ် စိတ်ရှည်မှု နည်းပါးလာသည့် လက္ခဏာများကို တွေ့မြင်နေရပြီဖြစ်သည်။ အချို့သော ရီပတ်ဘလီကန်များကမူ ထရန့် အား အခွင့်အရေး ပေးပြီးပြီဖြစ်၍ ယခုအခါ ရှေ့ဆက်သွားရမည့်အချိန်ဟု ယူဆကောင်း ယူဆ ကြပါလိမ့်မည်။
အမှန်စင်စစ်၊ သောကြာနေ့တွင် ထရန့် ကဲ့သို့ တရားရုံးချုပ်ကို ဝေဖန်သည့် ရီပတ်ဘလီကန် အနည်းငယ်သာ ရှိခဲ့သည်။
ယင်းက သူတို့အားလုံး ထရန့် နှင့် ရုတ်တရက် လမ်းခွဲကြမည်ဟု မဆိုလိုပါ။ ထရန့် သည်လည်း တရားရုံးချုပ် သို့မဟုတ် သူ၏ ပါတီ၏ ဖိအားပေးမှုကို အရှုံးပေးသည်ဟု အထင်မခံလိုသည့် မာနကြီးသူတစ်ဦး ဖြစ်သည်။
သို့သော် သူကသာ အကောက်ခွန်ကိစ္စကို အတင်းအဓမ္မ ဆက်လုပ်နေမည်ဆိုလျှင်၊ ရရှိလာသော (နိုင်ငံရေး) အခွင့်အလမ်းကောင်း သို့မဟုတ် လက်ဆောင်ကို ငြင်းပယ်သကဲ့သို့ ဖြစ်နေပါလိမ့်မည်။

သောကြာနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ဒေါ်နယ် ထရန့် စကားပြောကြားနေစဉ်။ (ဓာတ်ပုံ)







