CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက်
ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က ဆိုသည်။ ၎င်းသည် အရှေ့အလယ်ပိုင်းရှိ တရုတ်၏ အရေးအပါဆုံး မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်သော အီရန်နှင့် အမေရိကန်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်သော ရှုပ်ထွေးမှုများကို နှစ်ဖက်စလုံးက ရှောင်လွှဲနိုင်ရန် အခွင့်အရေး ဖြစ်လာစေနိုင်သည်။
အကယ်၍ ရေနံတင်ပို့မှုနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ခြိမ်းခြောက်နေသည့် အဆိုပါ ပဋိပက္ခ အပေါ် ထရန့်အနေဖြင့် ထိန်းချုပ်မှု လျော့ပါးလာပါက၊ ဆွေးနွေးပွဲများ ဆက်လက် ဖြစ်ပေါ်လာသည့်တိုင် တရုတ်၏ အလျှော့အတင်းလုပ်နိုင်စွမ်းမှာ ပိုမိုအားကောင်း လာနိုင် ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ပေကျင်းသည် အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ တရားဝင် အတည်ပြုခဲ့ခြင်း မရှိသေးသလို၊ “ ၅ ပတ်မှ ၆ ပတ်” ကြာ ရွှေ့ဆိုင်းမည့် အဆိုပြုချက်အပေါ်တွင်လည်း တရားဝင် တုံ့ပြန်ခြင်း မရှိ သေးပေ။ အိမ်ဖြူတော်၏ အဆိုအရ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ ကျင်းပရန် မူလက သတ်မှတ်ထားသော အဆိုပါအစည်းအဝေးကို ရွှေ့ဆိုင်းရန် “ တရုတ်က သဘောတူ သည်” ဟု ထရန့်က ယခုအပတ်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ထိပ်သီးအစည်းအဝေးများ သည် နှစ်နိုင်ငံဆက်ဆံရေးကို လမ်းညွှန်ရာတွင် “ အစားထိုး၍မရသော” အခန်းကဏ္ဍမှ ပါဝင် သည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သော်လည်း၊ ပေကျင်းသည် ရွှေ့ဆိုင်းမှုအပေါ် မရေမရာ သာ တုံ့ပြန်ထားပြီး ၎င်းတို့အတွက် လှုပ်ရှားနိုင်သည့် အခွင့်အလမ်းကို ပိုမိုရယူထားပုံပေါ် သည်။
သို့သော် ကန့်လန့်ကာနောက်ကွယ်တွင်မူ သတိထားမှုများ ရှိနေဆဲဖြစ်သည်။ အစည်းအဝေး၏ ထိရှလွယ်သော အခြေအနေများကြောင့် အမည်မဖော်လိုသည့် တရုတ်သတင်းရင်းမြစ်နှစ်ခု ၏ အဆိုအရ ထိပ်သီးအစည်းအဝေးသည် “ စီစဉ်ထားသည့်အတိုင်း ဖြစ်လာချင်မှ ဖြစ်လာ မည်” ဖြစ်ပြီး၊ တရုတ် သို့မဟုတ် အမေရိကန် တစ်ဖက်ဖက်က ဆွေးနွေးပွဲမှ နုတ်ထွက်သွား နိုင်သည့် အခြေအနေမျိုးလည်း ရှိနေသည်။
“ အကယ်၍ အီရန်စစ်ပွဲကြောင့် တရုတ်နိုင်ငံသားတွေ အများအပြား သေကြေပျက်စီးတာ ဒါမှမဟုတ် ဒေသတွင်းက တရုတ်ပိုင်ဆိုင်မှုတွေ အကြီးအကျယ် ပျက်စီးတာမျိုး ဖြစ်လာရင် ထရန့် လာနိုင်တော့မှာ မဟုတ်ဘူး” ဟု သတင်းရင်းမြစ်တစ်ခုက ပေကျင်း၏ စိုးရိမ်ရသည့် အကန့်အသတ် (Red line) တစ်ခုကို ရှင်းပြသည်။
အဆိုပါ တွေ့ဆုံမှုသည် ကမ္ဘာ့အင်အားကြီး စီးပွားရေးနှင့် စစ်ရေးနိုင်ငံနှစ်ခုကြား ဆက်ဆံရေး ကို ပြန်လည်တည်ဆောက်ရန် အရေးကြီးသော အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ခံထားရသည်။
အီရန်စစ်ပွဲ စတင်ပြီး တစ်ပတ်အကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၂၀၂၆ ခုနှစ်သည် “ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အချက်အချာကျသော နှစ်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ မှတ်ချက်သည် စစ်ရေး ပဋိပက္ခများ ရှိနေသော်လည်း လာမည့်တွေ့ဆုံပွဲအပေါ် အစိုးရ၏ ကတိကဝတ်ကို ပြသခြင်း ဖြစ်သည်ဟု ယူဆရသည်။
တရုတ်နိုင်ငံ ပိုမိုအားကောင်းသည့် အနေအထားသို့ ရောက်ရှိလာခြင်း
ထရန့်၏ ရွှေ့ဆိုင်းမှု အဆိုပြုချက်သည် တရုတ်ကို ပိုမိုအသာစီးရစေကြောင်း ကျွမ်းကျင်သူ များ က ဆိုသည်။ စစ်ပွဲသည် အချိန်ကြာလာသည်နှင့်အမျှ ထရန့်၏ စိတ်ပျက်အားငယ်မှုမှာ ပိုမိုကြီးထွားလာပြီး သူ၏ အားနည်းချက်များမှာလည်း ပိုမိုထင်ရှားလာမည်ဖြစ်ကြောင်း ရှန်ဟိုင်းမြို့ ဖူတန့်တက္ကသိုလ်မှ အမေရိကန်လေ့လာရေးစင်တာ ဒါရိုက်တာ ဝူရှင်းပေါ်က ပြောသည်။
“ အဲဒီအချိန်ကျရင် ထရန့်မှာ ဖဲဘယ်နှစ်ချပ်လောက် ကျန်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါကြောင့် စောစောစီးစီး လှုပ်ရှားတာထက် နည်းနည်းစောင့်ကြည့်တာက ကျွန်တော်တို့ အတွက် ပိုကောင်းပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင်လည်း ဖြစ်သူ ဝူက ဆိုသည်။
ဖေဖော်ဝါရီလအတွင်းက အမေရိကန်တရားရုံးချုပ်က ထရန့်၏ အရေးပေါ် အခွန်စည်းကြပ်မှု များကို ပယ်ချခဲ့ပြီးနောက်တွင် သူသည် အားနည်းသော အနေအထားဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာရခြင်း ဖြစ်သည်။ အီရန်နှင့်ဖြစ်ပွားသည့် စစ်ပွဲသည်လည်း ပြည်တွင်း၌ ဝေဖန်မှုမျိုးစုံ ကြုံတွေ့နေရပြီး၊ စစ်ပွဲ “ မကြာမီ” ပြီးဆုံးမည်ဟု ကတိပေးထားသော်လည်း စစ်ပွဲရှည်ကြာလာပါက ထရန့်၏ လူထုထောက်ခံမှုကို ကျဆင်းစေနိုင်သည်။
စစ်ပွဲကြောင့် တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ စီးပွားရေးအရ ထိခိုက်နိုင် သော်လည်း နိုင်ငံရေးအရ အကျိုးအမြတ်ရရှိရန် အခွင့်အရေး ရှိနေသည်။ ဥရောပနှင့် ပင်လယ်ကွေ့နိုင်ငံများသည် ခန့်မှန်းရခက်သော အမေရိကန်အစိုးရအပေါ် ယုံကြည်မှု လျော့နည်းလာချိန်တွင် တရုတ်က မိမိကိုယ်ကိုယ် စိတ်ချရပြီး ငြိမ်းချမ်းရေးကို မြတ်နိုးသည့် ကမ္ဘာ့ခေါင်းဆောင်သစ်အဖြစ် ပြသရန် ရွှေရောင်အခွင့်အရေး ရရှိထားခြင်း ဖြစ်သည်။
ပြင်ဆင်မှုနှင့် ရှေ့ဆက်မည့်လမ်း
ရှီ နှင့် ထရန့် တို့၏ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရသည်မှာ အလွန်ရှုပ်ထွေးပြီး စိန်ခေါ်မှုများလှသည်။ ဆွေးနွေးမည့် အချက်အလက်များကို လပေါင်းများစွာ ကြိုတင် ညှိနှိုင်း ရသလို၊ တရားဝင်ထုတ်ပြန်ချက်ပါ စကားလုံးအသုံးအနှုန်း အသေးစိတ်မှအစ၊ ဓာတ်ပုံ ရိုက်ကူးစဉ် ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ရန် လမ်းလျှောက်မည့် ခြေလှမ်း အရေအတွက်အထိ တိကျစွာ စီစဉ်ရခြင်း ဖြစ်သည်။
ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများမှာ “ မလုံလောက်” သေးကြောင်းနှင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းက ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာစေရန် နှစ်ဖက်စလုံး အတွက် အချိန်ရသွားစေနိုင်ကြောင်း ဝူရှင်းပေါ်က သုံးသပ်သည်။
တရုတ်-အမေရိကန် ဆက်ဆံရေး၏ အလားအလာမှာ ပြိုင်ဆိုင်မှုများ ဆက်ရှိနေဦးမည် ဖြစ်သော်လည်း အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းမည့် ကြိုးပမ်းမှုများလည်း အခါအားလျော်စွာ ရှိနေဦးမည်ဖြစ်သည်။ သို့သော် အီရန်စစ်ပွဲသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ကြီးမားသော မရေရာမှုများကို ဖြစ်စေနိုင်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၎င်းကို “ မဖြစ်သင့်သောစစ်ပွဲ” ဟု ခေါ်ဆိုခဲ့သော်လည်း ပေကျင်းအနေဖြင့် မည်သည့်ဘက်ကိုမျှ အသားပေးခြင်းမရှိစေရန် သတိထား ကိုင်တွယ် နေသည်။
အကယ်၍ စစ်ပွဲကြောင့် ထရန့်၏ အခြေအနေ အားနည်းသွားသည်ဟု ရှီကျင့်ဖျင်က ယူဆပါက ပေကျင်းအနေဖြင့် အမေရိကန်အပေါ် ချဉ်းကပ်ရာတွင် ယခင်ကထက် ပိုမို ရဲတင်းပြတ်သားလာနိုင်ကြောင်း ကျွမ်းကျင်သူများက ကောက်ချက်ချထားပါသည်။








