CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်
ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN သို့ ပြောကြားခဲ့သည်။
ရုရှား၏ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ၄ နှစ်ပြည့်ရန် အာရုံတက်ချိန်တွင် ကိယက်ဗ်ရှိ သမ္မတနန်းတော်၌ စကားပြောကြားရာ၌ ဇီလန်းစကီးက အမေရိကန် ပြည်ထောင်စုသည် ဤပဋိပက္ခမှ ကျောခိုင်းထွက်ခွာမသွားရန် အလွန်ပင် ကြီးမားပြီး အရေးပါလွန်းသည်ဟု ဆိုသည်။ ထို့အပြင် ထရန့်အနေဖြင့် အင်္ဂါနေ့တွင် ပြောကြားမည့် နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) အတွင်း သမ္မတ ဗလာဒီမာ ပူတင်၏ ရုရှားကို ပြန်လည်ခုခံတိုက်ခိုက်နေသည့် ယူကရိန်းကို ထောက်ခံပေးလိမ့်မည်ဟု ၎င်းက မျှော်လင့်နေသည်။
“သူတို့ဟာ လူတစ်ယောက်တည်းကို ပြန်တိုက်နေတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဘက်မှာ ရပ်တည် ပေးရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူ (ပူတင်) ဟာ စစ်ပွဲပဲ။ ပူတင်ဟာ စစ်ပွဲပဲ။ ဒါဟာ သူ့ကိုယ်ကျိုးအတွက်ပဲ၊ လူတစ်ယောက်တည်းအတွက်ပဲ။ ပြီးတော့ သူ့နိုင်ငံတစ်ခုလုံးကလည်း အကျဉ်းထောင်ထဲ ရောက်နေတာပါ” ဟု ဇီလန်းစကီးက CNN ကို ပြောသည်။
“သူတို့တကယ်ပဲ ပူတင်ကို ရပ်တန့်ချင်တယ်ဆိုရင် အမေရိကန်ဟာ အင်မတန် အင်အား တောင့်တင်း ပါတယ်” ဟု ၎င်းက ဆိုသည်။ ထရန့်သည် ပူတင်အပေါ် လုံလောက်သော ဖိအားပေးနေသည်ဟု ယုံကြည်ပါသလားဟု မေးမြန်းရာတွင် ဇီလန်းစကီးက “မယုံကြည် ပါဘူး” ဟု ဖြေကြားခဲ့သည်။
ကျယ်ပြန့်လှပြီး တစ်ခါတစ်ရံ စိတ်ခံစားမှုပြင်းထန်သည့် ဤအင်တာဗျူးတွင် ဇီလန်းစကီးက ယူကရိန်းပြည်သူများသည် ပဋိပက္ခကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ပူတင်၏ တောင်းဆိုချက်များကို လိုက်လျောရန်မှာ လုံးဝမဖြစ်နိုင်သည့် ရွေးချယ်မှု ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူလိုချင်တာအကုန်လုံးကို ကျွန်တော်တို့ ပေးလိုက်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ကို သိမ်းပိုက်ချင်တာ။ သူလိုချင်တာအကုန်ပေးလိုက်ရင် ကျွန်တော်တို့အကုန်လုံး ဆုံးရှုံးရလိမ့်မယ် — ကျွန်တော်တို့အားလုံး ပြေးကြရမှာ ဒါမှမဟုတ် ရုရှားနိုင်ငံသားတွေ ဖြစ်သွားကြရမှာပါ”
စစ်ပွဲသည် ၅ နှစ်ထဲသို့ ချဉ်းကပ်လာချိန်တွင် ယူကရိန်း၊ ရုရှားနှင့် အမေရိကန်တို့ ပါဝင်သည့် သုံးပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် အောင်မြင်မှု လမ်းစမရသေးပေ။
လုံခြုံရေး အာမခံချက်များ၊ အထူးသဖြင့် အနာဂတ်တွင် ရုရှားက ယူကရိန်းကို ထပ်မံ ကျူးကျော်လာပါက မဟာမိတ်များက မည်သို့တုံ့ပြန်မည်ဆိုသည့် အချက်မှာ အဓိက အကျပ်ရိုက်နေသည့် အချက်ဖြစ်ကြောင်း ဇီလန်းစကီးက CNN ကို ပြောသည်။
ရုရှားသည် နောက်ထပ်စစ်ပွဲတစ်ခုကို လုံးဝစတင်တော့မည်မဟုတ်ဟု သူ့ကို လူအများက လာပြောနေကြကြောင်း ဆိုကာ “ဒါက ကျွန်တော့်အတွက် အဖြေမဟုတ်ပါဘူး။ စိတ်မကောင်းပါဘူး” ဟု ၎င်းက ပြောသည်။
“အခု တင်ပြထားတဲ့ လုံခြုံရေးအာမခံချက်တွေထဲမှာ ကောင်းတဲ့အချက်တွေ ရှိပါတယ်၊ ဒါအမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်က သိပ်ကို တိကျတဲ့အဖြေတစ်ခု လိုချင်တာပါ – ပူတင်သာ နောက်တစ်ခါ ထပ်လာရင် မဟာမိတ်တွေက ဘာလုပ်ပေးဖို့ အသင့်ရှိမလဲဆိုတာပါ။ ဒါဟာ ယူကရိန်းပြည်သူတွေ ကြားချင်တဲ့အချက်ပါ” ဟု ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရမည့် အဆင့်ဆင့်သော အစီအစဉ်များအပေါ်တွင်လည်း သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု ဇီလန်းစကီးက ပြောသည်။ ထရန့်သည် ဇီလန်းစကီး အား ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးစေလိုသလို၊ အမေရိကန်နှင့် ဥရောပနိုင်ငံများက ယူကရိန်းကို လုံခြုံရေးအာမခံချက်ပေးမည့် သဘောတူညီချက်ကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်စေလိုပြီး၊ စစ်ပွဲအဆုံးသတ်ခြင်းအထိမ်းအမှတ် ခမ်းနားသော အခမ်းအနားတစ်ခုဖြင့် အကောင်းဆုံး လုပ်ဆောင်လိုနေသည်။
သို့သော် လုံခြုံရေးအာမခံချက်များကို အမေရိကန်ကွန်ဂရက်လွှတ်တော်က အရင်ဆုံး သဘောတူ အတည်ပြုရမည်ဟု ဇီလန်းစကီးက အခိုင်အမာဆိုသည်။ ၎င်းက ဤသို့ လုပ်ဆောင်ခြင်းဖြင့် ယူကရိန်းပြည်သူများသည် အနာဂတ်တွင် ၎င်းတို့၏ မဟာမိတ်များ ကို အားကိုးနိုင်သည်ဟု ယုံကြည်မှုရရှိစေမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အတိတ်တွင် အကြိမ်ကြိမ် အလှည့်စားခံခဲ့ရဖူးသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခြားသော ခက်ခဲသည့် အချက်တစ်ချက်အကြောင်း ပြောကြားရာတွင် ဇီလန်းစကီးက ယူကရိန်းအနေဖြင့် စစ်ပွဲကို လက်ရှိ ရှေ့တန်းစစ်မျက်နှာများအတိုင်း ရပ်တန့်ထားရန် (freeze the war) ဆန္ဒရှိကြောင်း CNN ကို ပြောသည်။ သို့သော် ယူကရိန်းစစ်တပ်အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သည့် အရှေ့ဘက် ဒိုးနက်စ် (Donetsk) ဒေသများမှ ဆုတ်ခွာမည် မဟုတ်ကြောင်း ဆိုသည်။
ရုရှားသည် ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည့် အဆိုပါဒေသ၏ ၂၀ ရာခိုင်နှုန်းခန့်ကို စွန့်လွှတ်ရန် တောင်းဆိုနေသည်။ ယင်းနယ်မြေများတွင် ယူကရိန်း၏ ခုခံစစ်နှင့် ထောက်ပံ့ရေးလမ်းကြောင်း၏ ကျောရိုးဖြစ်သော စက်မှုမြို့ကြီးများ၊ ရထားလမ်းများနှင့် လမ်းမကြီးများပါဝင်သည့် “ခံတပ်ခါးပတ်” (fortress belt) လည်း ပါဝင်နေသည်။
“ရုရှားက ကျွန်တော်တို့ရဲ့ စစ်တပ်ကိုပဲ ဆုတ်ခွာစေချင်တာ။ … ကျွန်တော်တို့က အဲဒီလောက် အထိ၊ စိတ်မနှံတဲ့သူတွေ၊ တုံးအတဲ့သူတွေ မဟုတ်ကြပါဘူး။ ကျွန်တော်တို့က ကလေးတွေ မဟုတ်ဘူး။ ဒီနှစ်တွေ တစ်လျှောက်လုံး ဒီစစ်ပွဲကို ဖြတ်သန်းလာခဲ့တာ၊ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံကို သူတို့ဆီ ဗန်းနဲ့အုပ်ပြီး အလွယ်တကူ မပေးနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
“အဲဒီမှာနေထိုင်တဲ့ ပြည်သူတွေအတွက် သူတို့မှာ ဘယ်လိုလုံခြုံရေးရှိမလဲဆိုတာက သိပ်အရေးကြီးပါတယ် … လူပေါင်း ၂ သိန်းလောက် အဲဒီမှာ နေထိုင်နေကြတာ။ ကျွန်တော်က (သူတို့ကို) ဘာပြောရမလဲ၊ ကျွန်တော်တို့ရဲ့ စစ်သားတွေကရော ဘာပြောရမလဲ – ‘ကဲ၊ နှုတ်ဆက်ပါတယ်နော်။ ငါတို့သွားပြီ။ မင်းတို့က ဒီနေ့ကစပြီး ရုရှားတွေဖြစ်သွားပြီ’ လို့ ပြောရမှာလား” ဟု ဇီလန်းစကီးက ဆိုသည်။
ဇီလန်းစကီးသည် ရွေးကောက်ပွဲများနှင့် ၎င်း၏ ကိုယ်ပိုင်အနာဂတ်အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်တွင် ၂၀၂၄ ခုနှစ် မေလအထိ သက်တမ်း အတွက် ရွေးကောက်ခံခဲ့ရသော်လည်း၊ ယူကရိန်း စစ်အုပ်ချုပ်ရေးဥပဒေအရ စစ်အတွင်း ရွေးကောက်ပွဲကျင်းပခြင်းကို တားမြစ်ထားသဖြင့် အာဏာကို ဆက်လက်ထိန်းထားခြင်း ဖြစ်သည်။ သို့သော် ထရန့်က ယူကရိန်းအနေဖြင့် ရွေးကောက်ပွဲကျင်းပသင့်ကြောင်း အကြံပြုထားပြီး ဇီလန်းစကီးအား “အာဏာရှင်” ဟုပင် ခေါ်ဆိုခဲ့ဖူးသည်။
“အမေရိကန်နဲ့ ရုရှားအပါအဝင် နိုင်ငံအသီးသီးက သမ္မတတွေက ယူကရိန်းရဲ့ ရွေးကောက်ပွဲအကြောင်း ပြောနေကြတာဟာ သိပ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်” ဟု ဇီလန်းစကီးက CNN အင်တာဗျူးတွင် မှတ်ချက်ပြုသည်။ “သူတို့ ဘာလိုချင်တာလဲ? နောက်ထပ် သမ္မတတစ်ယောက်လား? ရပါတယ်” ဟု ဆိုကာ၊ ခေါင်းဆောင်သစ် တစ်ယောက် ဆိုလျှင် ရုရှားရှေ့တွင် အလျှော့ပေးလိမ့်မည်ဟု သူတို့တွေးနေကြခြင်းလောဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ထရန့်အနေဖြင့် ယူကရိန်းသမ္မတနေရာတွင် အခြားတစ်ဦးဦးကို ရှိစေချင်သလားဆိုသည်မှာ သူ့အတွက် ရှင်းရှင်းလင်းလင်း မရှိကြောင်း ဇီလန်းစကီးက ဆိုသည်။ “ကျွန်တော် မသိပါဘူး။ သူ ကျွန်တော့်ကို မပြောဘူး” ဟု ၎င်းက ဆိုသည်။
နာကျင်မှုနှင့် ဂုဏ်ယူမှု ဇီလန်းစကီးသည် ကျဆုံးသွားသော ယူကရိန်းစစ်သည်များအတွက် ဆုပေးပွဲအခမ်းအနားအပြီးတွင် CNN နှင့် စကားပြောခဲ့ခြင်းဖြစ်သည်။ ဇီလန်းစကီးသည် သေဆုံးသွားသူများ၏ မိသားစုဝင်များကို တစ်ဦးချင်း စကားပြောဆိုခဲ့ပြီး၊ ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုအတွက် ကျေးဇူးတင်စကားနှင့် နှစ်သိမ့်စကားများ ပြောကြားခဲ့သည်။
မညှာမတာ ရက်စက်လှသည့် စစ်ပွဲအတွင်း ကျဆုံးခဲ့ရသူများ၏ ရှိုက်ကြီးတငင် ငိုကြွေး နေသော မိခင်များ၊ ဇနီးများနှင့် ကလေးငယ်များထံသို့ ဆုတံဆိပ်များ ပေးအပ်နေစဉ် ၎င်း၏ မျက်နှာပေါ်တွင် နာကျင်မှုများကို အထင်အသား မြင်တွေ့ခဲ့ရသည်။
“ကျွန်တော်တို့နဲ့အတူ မရှိတော့ဘဲ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာပဲ ရှိတော့တဲ့ သူရဲကောင်းတွေရဲ့ မိခင်၊ ဖခင်၊ ခင်ပွန်း၊ ဇနီးတွေကို ဒီလိုဆုပေးရတာဟာ ဂုဏ်ယူ စရာ ဖြစ်သလို … အရမ်းကို နာကျင်ရပါတယ်၊ စိတ်ခံစားမှုလည်း ပြင်းထန်ရပါတယ်” ဟု ၎င်းက အင်တာဗျူးအပြီးတွင် ပြောကြားခဲ့သည်။
“ဒါကို ကျွန်တော် လုပ်ချင်ပါတယ်။ ဒါဟာသူတို့အနေနဲ့သူတို့ရဲ့ သမ္မတ(ဇီလန်းစကီး)ဆီကနေ တိုက်ရိုက်ရရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်အတွက်လည်း ဒါကို သူတို့လက်ထဲကို ပေးအပ်ရတာဟာ သိပ်အရေးကြီးပါတယ်။ ဒီလိုကိစ္စတွေအတွက် ကျွန်တော် အမြဲတမ်း အချိန်ပေး ရပါမယ်”။


၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကိယက်ဗ်တွင် တွေ့ရသော ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး။ Henry Nicholls/AFP/Getty Images/File

ဇီလန်းစကီးသည် ကျဆုံးသွားသော ယူကရိန်းစစ်သည်များအား ဂုဏ်ပြုသည့် အခမ်းအနားတစ်ခုသို့ တက်ရောက်နေစဉ်။ Ivana Kottasová/CNN

ရှေ့တန်းတွင် ကျဆုံးသွားသော စစ်သည်များ၏ မိသားစုဝင်များအား ဇီလန်းစကီးက ချီးမြှင့်သည့် ဆုတံဆိပ်များအနက် တစ်ခု။ Ivana Kottasová/CNN

ကျဆုံးသွားသော ဗိုလ်ကြီး အိုင်ဗန် ကော့ဆာ၏ ဇနီးဖြစ်သူ အိုလက်ဆီယာနှင့် သမီးဖြစ်သူ ဗီရိုနီကာတို့သည် ဇီလန်းစကီး တက်ရောက်သည့် အခမ်းအနားတွင် ကွယ်လွန်ပြီးမှ ပေးအပ်သည့် ဂုဏ်ပြုဆုကို လက်ခံရယူနေစဉ်။ Ivana Kottasová/CNN







