CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်
အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က သတိပေးလိုက်သည်။
“ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ GDP ရဲ့ ၀.၅ ရာခိုင်နှုန်းကနေ ၀.၈ ရာခိုင်နှုန်းအထိ ဆုံးရှုံး နေရပါတယ်။ ဒါဟာ ကမ္ဘာပေါ်က ထိခိုက်လွယ်တဲ့ နိုင်ငံတွေအတွက် ဘာကို ဆိုလိုတာလဲ? ဒါဟာ လူပေါင်း ၃၂ သန်း ဆင်းရဲတွင်းကို ပြန်ကျသွားတာကို ဆိုလိုတာပါ” ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ အဲလက်ဇန်းဒါး ဒီခရိုး (Alexander De Croo) က Reuters သို့ ပြောကြားခဲ့သည်။
“ အာရှ-ပစိဖိတ်ဒေသအတွက် တစ်နှစ်ကို ဒေါ်လာ ဘီလီယံ ၁၀၀ ရှိတဲ့ မိသားစုအချင်းချင်း တိုက်ရိုက်ပေးပို့လေ့ရှိတဲ့ လွှဲပို့ငွေတွေဟာ ဒီရက်ပိုင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေ ပါတယ်။ စစ်ပွဲက မနက်ဖြန်ရပ်သွားရင်တောင် အဲဒီအကျိုးသက်ရောက်မှုတွေက ရှိနေ ပြီးသားဖြစ်တဲ့အတွက် လူပေါင်း ၃၀ သန်းကျော်ကို ဆင်းရဲတွင်းထဲ တွန်းပို့နေဦးမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဒီခရိုး(De Croo) က ဤသို့ဖြစ်ရခြင်းမှာ စွမ်းအင် ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စားနပ်ရိက္ခာ မလုံလောက်မှုများကြောင့် ဖြစ်ကြောင်း ပြောဆိုသည်။ ရေနံတင်ပို့မှုအပြင် မြေဩဇာ အမြောက်အမြားမှာလည်း ပုံမှန်အားဖြင့် အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေရခြင်း ဖြစ်သည်။
စားနပ်ရိက္ခာ ပြတ်လပ်မှုသည် နောက်ထပ်လအနည်းငယ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ လာမည်ဖြစ်ကြောင်း သူက သတိပေးခဲ့သည်။
“ အခုက စိုက်ပျိုးရာသီဖြစ်ပါတယ်။ အခုစိုက်ပျိုးချိန်မှာ မြေဩဇာ မရရှိဘူးဆိုရင် စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ထွက်နှုန်းတွေက အများကြီး လျော့နည်း သွားပါလိမ့်မယ်… (ဒါကြောင့်) စားနပ်ရိက္ခာ မလုံလောက်မှုဟာ နောက်လအနည်းငယ် အတွင်းမှာ အဆိုးရွားဆုံး အဆင့်ကို ရောက်လာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။








