CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်
ရေးသားသူ – Elise Hammond
အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “စစ်ပွဲကို အဆုံးသတ်လိုက်ပြီ” ဖြစ်ကြောင်းနှင့် တိုက်ပွဲများရပ်တန့်ရန် နှစ်ဦးနှစ်ဖက်စလုံးက “အလွန်ခိုင်မာသည့် နားလည်မှုစာချွန်လွှာ” တစ်ခုအပေါ် သဘောတူညီခဲ့ကြကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အီရန်အပေါ် ထပ်မံတိုက်ခိုက်မည့် အစီအစဉ်များကို ၎င်းက ပယ်ဖျက် လိုက်ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကာ၊ သဘောတူညီချက်၏ စည်းကမ်းချက်များကို အသေးစိတ်မဖော်ပြဘဲ သဘောတူညီမှုတစ်ခု ရရှိသွားပြီဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။ ထို့အပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ပင်လယ်ကွေ့နိုင်ငံများမှ ခေါင်းဆောင်များ အပါအဝင် ခေါင်းဆောင်အတော်များများနှင့် စကားပြောဆိုခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စီစဉ်ထားသည့် တိုက်ခိုက်မှုများကို ထရမ့်ပယ်ဖျက်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် တိုးတက်မှုကို ကြွားဝါပြောဆိုလိုက်သော်လည်း တီဟီရန်က သံသယရှိနေဆဲဖြစ်သည်။
သို့သော်လည်း အမေရိကန်နှင့် သဘောတူညီချက် ရရှိသွားပြီဟူသော သတင်းများသည် “ခန့်မှန်းချက်သက်သက်သာ” ဖြစ်ပြီး၊ တီဟီရန်အနေဖြင့် မည်သည့်သဘောတူညီချက် အပေါ်တွင်မှ နောက်ဆုံးဖြတ်ချက် မချရသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါဟီ (Esmail Baghaei) က အီရန်နိုင်ငံပိုင်မီဒီယာသို့ ပြောကြားခဲ့သည်။
ထရမ့် ပြောကြားခဲ့သည့် အခြားအချက်များမှာ –
• လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မည်ဟု အရိပ်အမြွက်ပြရင်း “ကြီးကျယ်သော ပြေလည်မှု (great settlement)” တစ်ခုရရှိခဲ့ကြောင်း ထရမ့်က ကြွားဝါပြောဆိုခဲ့သည်။ မကြာမီတွင် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) တက်ရောက်မည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတစ်ခုကို ဥရောပတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ၎င်းက မျှော်လင့်ထားသည်။
• ၎င်းသည် “အလွန်ခိုင်မာသည့် နားလည်မှုစာချွန်လွှာ” ဖြစ်သည်ဟု ထရမ့်က ဆိုကာ၊ သဘောတူညီချက်မှာ “သဘောတရားပိုင်းဆိုင်ရာ အနည်းငယ် (little conceptual)” မျှသာ ရှိသေးကြောင်း ပြောခဲ့သည်။
• ယခုအကြိမ်တွင် တီဟီရန်အနေဖြင့် သဘောတူညီချက်ကို လက်ခံလာစေရန် အမေရိကန်၏ စစ်ရေးအရ အရေးယူဆောင်ရွက်မှုများက တွန်းအားပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ပိတ်ဆို့ထားမှုသည် “ဤအရောင်းအဝယ် ကိစ္စရပ် (Transaction) အပြီးသတ် နိုင်သည်အထိ” ဆက်ရှိနေမည်ဟုလည်း ပြောကြားခဲ့သည်။
• ထရမ့်၏အဆိုအရ ယခုသဘောတူညီချက် အတည်ပြုချက်များတွင် ပါဝင်ပတ်သက် နေသည့် နိုင်ငံများမှာ အမေရိကန်၊ အစ္စရေး၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ တူရကီ၊ ပါကစ္စတန်၊ ဘာရိန်း၊ ကူဝိတ်၊ ဂျော်ဒန်နှင့် အီဂျစ်တို့ ဖြစ်ကြသည်။
အီရန်ဘက်က ပြောကြားချက်များ –
• အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သည် ယခုပြေလည်မှုကို ထောက်ခံပြီး၊ အမေရိကန်အနေဖြင့် နျူကလီးယားပစ္စည်းများကို စိတ်ချရအောင် သိမ်းဆည်းရန်နှင့် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုများကို ရပ်တန့်ရန် “သဘောတရား ပိုင်းအရ (conceptually)” သဘောတူညီခဲ့ကြောင်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့သည်။
• သို့သော် ဘာဂါဟီကမူ “အီရန်အနေဖြင့် မည်သည့်သဘောတူညီချက်နှင့် ပတ်သက် လို့မှ နောက်ဆုံးဖြတ်ချက် မချရသေးပါ” ဟု ဆိုကာ “အမေရိကန်ရဲ့ လုပ်ဆောင်ချက် တွေက သံတမန်ရေးရာ လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုရှိနေတယ်” ဟု ပြောကြား ခဲ့သည်။
• အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထရမ့်၏ ပြောကြားချက် အပေါ် သံသယရှိကြောင်း ဖော်ပြခဲ့ပြီး၊ အီရန်အရာရှိများအနေဖြင့် ထိုကဲ့သို့သော သဘောတူညီချက်မျိုးကို အတည်ပြုထားခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။ IRGC နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အီရန်နိုင်ငံ၏ သံတမန်ရေးရာတပိုင်းဖြစ်သည့် Tasnim သတင်းအေဂျင်စီကမူ အီရန်ဘက်က သဘောတူညီချက်ကို တရားဝင် မကြေညာမချင်း ထရမ့်၏ ပြောကြားချက်များကို အရှိအတိုင်း သတ်မှတ်၍ မယုံကြည်သင့်ကြောင်း ဖော်ပြခဲ့သည်။
• အီရန်နိုင်ငံမှ သဘောထားတင်းမာသူ လွှတ်တော်အမတ်တစ်ဦးက ထရမ့်သည် စစ်ပွဲကိုအဆုံးသတ်ရန် “ကြီးကျယ်သော ပြေလည်မှု” တစ်ခုကို ကြေညာရာတွင် လှည့်ဖြားခြင်း ဖြစ်နိုင်ကြောင်း သတိပေးခဲ့ပြီး၊ အီရန်အနေဖြင့် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ “ထရမ့်ဘက်က လှည့်ဖြားတာမျိုး ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်” ဟု အီရန်လွှတ်တော်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ ပြောရေးဆိုခွင့်ရှိသူ လွှတ်တော်အမတ် အီဘရာဟင် ရီဇာအီ (Ebrahim Rezaei) က ပြောကြားခဲ့သည်။
အစ္စရေးဘက်က ပြောကြားချက်များ –
• ထရမ့်၏ ကြေညာချက်သည် အီရန်နိုင်ငံနှင့် ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်သော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကို အံ့အားသင့်စေခဲ့ကြောင်း အစ္စရေး သတင်းရင်းမြစ်တစ်ခုအရ သိရသည်။ အစ္စရေးအနေဖြင့် အီရန်နှင့် မကြာမီရရှိတော့မည့် မည်သည့်သဘောတူညီချက်မျိုးကို မျှ သိရှိထားခြင်းမရှိကြောင်း သို့မဟုတ် သဘောတူညီချက်အပေါ် အတည်ပြုထား ခြင်း မျိုး မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က CNN သို့ ပြောကြားခဲ့ရာ၊ နောက်ဆုံးအချက်များကို “ပါဝင်ပတ်သက်သူ အဖွဲ့အစည်းအားလုံးက အတည်ပြုပြီး ဖြစ်သည်” ဟူသော ထရမ့်၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပုံရသည်။
• နောက်ပိုင်းတွင် နေတန်ယာဟုသည် ထရမ့်နှင့် စကားပြောဆိုခဲ့ပြီး၊ သဘောတူညီချက် တစ်ခုသည် အီရန်၏ သန့်စင်ပြီး ယူရေနီယံများကို ဖယ်ရှားပစ်ရန်၊ ၎င်း၏ နျူကလီး ယား အခြေခံအဆောက်အအုံများကို ဖျက်သိမ်းရန်၊ ဒုံးကျည်ထုတ်လုပ်မှုကို ကန့်သတ် ရန်နှင့် ဒေသတွင်းရှိ လက်ဝေခံအုပ်စုများကို ထောက်ပံ့နေမှုများအား ရပ်တန့်ရန် ဖြစ်သည်ဟူသော ထရမ့်၏ ကတိကဝတ်အပေါ် “ကျေးဇူးတင်ရှိကြောင်း” ပြောကြား ခဲ့သည်။
ဆွေးနွေးညှိနှိုင်းမှုများနှင့် ပတ်သက်၍ သိရှိရသမျှ – အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်နေကြစဉ်အတွင်း၌ပင် ကာတာကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်အတွင်း ဆွေးနွေးမှုများပြုလုပ်ရန် တီဟီရန်သို့ ရောက်ရှိနေခဲ့သည်။ အီရန်နှင့် ကာတာအရာရှိများအကြား တွေ့ဆုံမှုများသည် ကျန်ရှိနေသေးသော သဘောထားကွဲလွဲသည့် အချက်အချို့ကို ဖြေရှင်းရန် ကူညီပေးနိုင်ခဲ့ကြောင်း အမေရိကန်အရာရှိများက ယုံကြည်နေ သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ ထိုကြားဝင်စေ့စပ်ပေးသူများသည် “အချို့သော အဓိကတိုးတက်မှုများ (breakthroughs) ကို ရရှိခဲ့ကြသည်” ဟု အခြားသတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။








