CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်
ယူကရိန်းရှိ ရုရှားစစ်ပွဲ
ယူကရိန်းအရှေ့ပိုင်း — ဝူးဝူးဝါးဝါး မြည်သံတစ်ခု၊ ဖုန်မှုန့်များ လွင့်ပျံသွားမှု၊ မှုန်ဝါးဝါးပုံရိပ် ပြန်လည်ကြည်လင်လာချိန်တွင် ခေတ္တရပ်တန့်သွားခြင်း၊ ထို့နောက်တွင်တော့ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွားသည်။
မြေအောက် ပေပေါင်းများစွာအကွာတွင် အဗ်ဒီးဗ်ကာ (Avdiivka) နှင့် ဘာ့ခ်မတ် (Bakhmut) တို့လို ယူကရိန်း၏ အကြမ်းတမ်းဆုံး မြို့ပြတိုက်ပွဲများမှ ဝါရင့်စစ်သည်များသည် ယခုအခါ ပုံစံသစ် လူသတ်ပွဲတစ်ခု၏ အမိန့်ပေး ကွပ်ကဲသူများ ဖြစ်နေကြပြီ ဖြစ်သည်။ ၎င်းသည် သူတို့ကိုယ်တိုင် အနီးကပ် မခံစားရ၊ အနံ့မရ၊ မမြင်တွေ့ရသော တိုက်ပွဲမျိုး ဖြစ်သည်။
ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားရှေ့တန်းစစ်မျက်နှာ အမှတ်အသား ၃ ခုကို ပစ်မှတ်ထားပြီး ပေါက်ကွဲမှု ၆ ကြိမ်ဖြစ်အောင် ညွှန်ကြားရသည့် တာဝန်တစ်ခုလုံးတွင် ယူကရိန်းခြေလျင် တပ်သား တစ်ဦးမှ မြေပြင်တွင် ပါဝင်မည်မဟုတ်ဘဲ၊ ဂိမ်းကစားသည့် ကုလားထိုင်များ ပေါ်မှနေ၍ တိုက်ပွဲကို ကွပ်ကဲကာ၊ အထက်ရှိ ကင်းထောက်ဒရုန်းများမှတစ်ဆင့် စောင့်ကြည့်ပြီး သီးသန့်တိုက်ရိုက်ထုတ်လွှင့်မှု (livestream) များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။
လပေါင်းများစွာ လူအင်အား ပြတ်လပ်မှုပြဿနာနှင့် အမေရိကန်ပြည်ထောင်စုထံမှ မရေရာသော ထောက်ပံ့ကူညီမှုများကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ယူကရိန်းသည် သိသာထူးခြားသော ပြောင်းလဲတိုးတက်မှုတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ယခုအခါ ၎င်းတို့၏ စစ်ဆင်ရေး အစိတ်အပိုင်းအတော်များများကို လူမဲ့စနစ်ဖြင့် ဆောင်ရွက်နေပြီဖြစ်ပြီး၊ စက်ရုပ်များ၊ ဒရုန်းများနှင့် အဝေးထိန်းတင့်ကားများကြောင့် လေးလံထိုင်းမှိုင်းပြီး ဖိအား ပေးခံနေရသော ရုရှားကျူးကျော်သူများအပေါ် ရုတ်တရက်ဆိုစက်မှုနည်းပညာအရ အသာစီး ရရှိနေစေသည်။ စက်ရုပ်များနှင့် ဒရုန်း သီးသန့်သက်သက်ဖြင့် ရုရှားစစ်စခန်းတစ်ခုကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) က ဧပြီလတွင် ပြောကြားခဲ့ပြီး၊ ဇန်နဝါရီလကတည်းက အဝေးထိန်းစက်ပစ္စည်း များသည် စစ်ဆင်ရေးပေါင်း ၂၂,၀၀၀ ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။
ကွန်ပျူတာ ပရိုဆက်ဆာ ပန်ကာများ၏ လိမ္မော်ရောင်အလင်းတန်းနှင့် ခေါင်းပေါ်ရှိ မှိန်ပျပျမီးရောင်အောက်တွင် “ ရှင်သန်လိုစိတ်သည် တီထွင်ဖန်တီးမှု၏ မိခင်” ဖြစ်လာခဲ့သည်။ ဤစခန်းရှိ တပ်ဖွဲ့သည် ရုရှားစစ်သုံ့ပန်းများထံမှတစ်ဆင့် ရန်သူများက ဤစက်ရုပ်များကို “တိတ်ဆိတ်သော သေခြင်းတရား” ဟု ခေါ်ဝေါ်ကြကြောင်း သိရှိခဲ့ရသည်။
ဘီးလေးဘီးတပ်ထားသော ကိုယ်ထည်ပေါ်တွင် အပြင်းစား ပေါက်ကွဲစေတတ်သော ပစ္စည်းအမြောက်အမြား တင်ဆောင်ထားသည့် ဤစက်ရုပ်များ ချဉ်းကပ်လာသံကို ၎င်းတို့နှင့် ၁၀ မီတာအကွာ ရောက်ခါနီးမှသာ ကြားနိုင်ပြီး၊ ထိုအကွာအဝေးသည် ပေါက်ကွဲမှု ဒဏ်သင့် မည့် စက်ဝိုင်းဧရိယာအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
ပထမဆုံးစက်ရုပ်သည် အလူမီနီယံ အပျက်အစီးများပေါ်တွင် ခလုတ်တိုက်သွားပြီး၊ အတား အဆီးကို ကျော်လွှားရန်အတွက် ၎င်း၏ဘီးများက ရုန်းကန်နေရသည်။ နောက်ဆုံးတွင်တော့ ၎င်းသည် လမ်းကြောင်းပေါ်ရှိ ဗုံးကျင်းကို ရှောင်ကွင်းမောင်းနှင်နိုင်ခဲ့ပြီး၊ အထက်ရှိ စောင့်ကြည့်ရေးဒရုန်းမှတစ်ဆင့် ကြည့်ရှုရာတွင် မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ငယ်တစ်ခု၏ ဖြူဝင်းသောအပူရှိန် တောက်လောင်သွားသည်ကို မြင်တွေ့ရသည် — ၎င်းမှာ ပထမဆုံး ပေါက်ကွဲမှု၏ အပူလှိုင်းပြတ်ခြေ (thermal footprint) ဖြစ်သည်။ ဒုတိယအကြိမ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားသည်။ စစ်ဆင်ရေး၏ ကနဦးပစ်ခတ်မှုသည် ရုရှား စစ်သားများ၏ အာရုံကို လွှဲရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကျန်စက်ရုပ် ၄ စီးကို ရန်သူ့နောက်တန်းသို့ ရောက်ရှိသွားစေရန် ဖြစ်သည်။
ဤနေရာတွင် တွက်ချက်မှုက ရိုးရှင်းပါသည် – တိုက်ခိုက်မှုပေါင်း ၁၆၄ ကြိမ်ကို အခြေခံ၍ တတိယမြောက် တိုက်ခိုက်ရေးတပ်မဟာ၏ “NC13” တပ်ဖွဲ့က တွက်ချက်ရာတွင် ၎င်းတို့၏ စက်ရုပ်တိုက်ခိုက်ရေးသမားများ ပြုလုပ်ခဲ့သော စွမ်းဆောင်ရည်မျိုး ရရှိရန်အတွက် စစ်သည်အင်အား ၂,၃၀၀ လိုအပ်မည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤတိုက်ခိုက်မှုများအတွင်း ၎င်းတို့တပ်ဖွဲ့၏ ထက်ဝက်ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိမှုဖြင့် ဆုံးရှုံးရလိမ့်မည်ဟု ခန့်မှန်းထားသောကြောင့်၊ ၎င်းတို့ရှေ့မှ စကရင်ပေါ်တွင် မြင်တွေ့နေရသည့် လူမဲ့ ဗုံးတင်စက်ရုပ်ငယ်များသည် ယူကရိန်းစစ်သည်ပေါင်း တစ်ထောင်ကျော်၏ အသက်ကို ကယ်တင်ပေးခဲ့သည့် နည်းပညာဆိုင်ရာ တိုးတက်မှုတစ်ခု ဖြစ်သည်။
“အဲဒီတုန်းကတော့ ဒီလိုမျိုးဖြစ်လာမယ်လို့ ကျွန်တော် စိတ်တောင်မကူးဖူးဘူး” ဟု တပ်ဖွဲ့၏ ဒုတိယတပ်မှူး ဘား (Bar) က ဒွန်ဘတ်စ် (Donbas) ဒေသရှိ ပြင်းထန်သော မြို့ပြတိုက်ပွဲများ တွင် ပါဝင်ခဲ့သည့် ၎င်း၏အတွေ့အကြုံကို ပြန်ပြောင်းပြောပြသည်။ “ဒါပေမဲ့ အဲဒီအချိန်တုန်း ကသာ ဒီလိုပစ္စည်းမျိုးတွေ ရှိခဲ့မယ်ဆိုရင်… ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေ ပိုပြီး အသက်ရှင် ကျန်ရစ်မှာပါလို့ ကျွန်တော် သဘောပေါက်မိတယ်ဗျာ။”
တပ်ဖွဲ့မှူး မိုင်ကိုလာ “မာခါ” ဇင်ကီဗစ် (Mykola “Makar” Zinkevych) အတွက်မူ ယခု ကမ္ဘာသစ်သည် တစ်ခုခု လိုအပ်နေသလို ခံစားရသည်။ “အဲဒီတုန်းက စစ်ပွဲက ပိုပြီးတော့ ယောကျာ်းပီသတယ်လို့ ပြောရမလားပဲ။ အဲဒီမှာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုကပဲ အရေးကြီး တာလေ — ကိုယ် ဘယ်လောက် လေ့ကျင့်ထားလဲ၊ ဘယ်လောက် စည်းကမ်းရှိလဲ စသဖြင့်ပေါ့။ အခုတော့ နည်းပညာကပဲ အရာရာကို ဆုံးဖြတ်နေပြီ။ နောက်ကြောင်း ပြန်လှည့်လို့ မရတော့ဘူး။” ၎င်းသည် လူမဲ့၊ အဝေးထိန်းစနစ်ဖြင့် သတ်ဖြတ်ခြင်း ကမ္ဘာတွင် မည်သူက ပိုမိုမြန်ဆန်စွာ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်မလဲဆိုသည့် ကိစ္စရပ် မျှသာ ဖြစ်သည်။
စစ်ပွဲပုံစံသစ်၊ သူရဲကောင်းအသစ်
ယူကရိန်း၏ ဤချဉ်းကပ်မှုသည် လေးနှစ်ကြာ ရုရှား၏ ကျူးကျော်မှုကြောင့် လူဦးရေ နည်းပါးသော နိုင်ငံတွင် အထိအခိုက် အကျဆုံးများပြားလှသည့် လူအင်အား ပြတ်လပ်မှု ပြဿနာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော် ကိဗ် (Kyiv) အနေဖြင့် ဒရုန်းများကို စောစောစီးစီး လက်ခံအသုံးပြုခဲ့ခြင်းနှင့် ၎င်းတို့၏ တိကျမှုနှင့် စွမ်းအားကို အကြီးအကျယ် စက်မှုကုန်ထုတ်လုပ်ငန်းအသွင် ပြောင်းလဲနိုင်ခဲ့ခြင်းတို့ကြောင့် မော်စကိုအပေါ် အဆုံးအဖြတ် ပေးနိုင်မည့် ထိခိုက်မှုများကို စတင် သက်ရောက်စေခဲ့ပြီ ဖြစ်သည်။
ယခုအခါ ယူကရိန်း၏ မူဝါဒမှာ တစ်လလျှင် ရုရှားစစ်သည် ၃၅,၀၀၀ ကို သေဆုံး သို့မဟုတ် ဒဏ်ရာရရှိစေရန် ဖြစ်ပြီး၊ ၎င်းတို့သည် ယခုနှစ်အတွင်း ထိုရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကရင်မလင် (Kremlin) ကို မြို့ပြဗဟိုချက်များနှင့် လူလတ်တန်းစားများထဲမှ စစ်သားစုဆောင်းရန် ခက်ခဲပြီး လူထုမကြိုက်သော အခြေအနေသို့ ရောက်အောင် ဖိအားပေးရန် ဖြစ်သည်။ ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ GCHQ မှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ခန့်မှန်းချက်အသစ်အရ ရုရှားနိုင်ငံသား စုစုပေါင်း သေဆုံးမှု ၅၀၀,၀၀၀(ငါးသိန်း) ရှိပြီဖြစ်ကြောင်း သတင်းအချက်အလက်အသစ်များကို ကိုးကား၍ ဖော်ပြထားသည်။
ဤစစ်ပွဲပုံစံသစ်တွင် သူရဲကောင်းအသစ်များ ရှိလာသည်။ ဤနေရာတွင် အသက် ၂၂ နှစ်အရွယ် ဂိုရာ (Gora) လည်း တစ်ဦးအပါအဝင် ဖြစ်ပြီး၊ သူမကိုယ်သူမ “ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ” တစ်ယောက်မျှသာ ဖြစ်သည်ဟု ပြောမိသောအခါ ချက်ချင်း ပြန်လည်ပြင်ဆင် ပြောကြားခဲ့သည်။
“သမီးက စနစ်မြှုပ်နှံထားတဲ့ ဟာ့ဒ်ဝဲလ်နဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ (embedded hardware and software engineer) တစ်ယောက်ပါ” ဟု သူမက အခိုင်အမာ ပြောကြားရင်း၊ စက်ရုပ်များကို ပြုပြင်ပြီး တည်ဆောက်သည့် ဝပ်ရှော့သို့ ၎င်းတို့၏ ကွပ်ကဲမှုဗဟိုချက်မှ တိုက်ရိုက်ထုတ်လွှင့် မှု ကို ဖွင့်ပြခဲ့သည်။ စစ်ပွဲစတင်ချိန်က အသက် ၁၈ နှစ်သာ ရှိသေးသည့် ဂိုရာသည် ကိဗ်အရှေ့ပိုင်းတွင် ရုရှားဒရုန်းများ တိုက်ခိုက်မှုကြောင့် အိပ်မပျော်ဘဲ နိုးနေရသည်ကို ငြီးငွေ့လာပြီး၊ သူမ၏ IT ပညာရပ်သည် ရှေ့တန်းအတွက် စစ်မျက်နှာအသစ် ဖြစ်လာကြောင်း သိရှိခဲ့သည်။
“အဓိကက စက်ပစ္စည်းတွေမဟုတ်ဘူး၊ အဓိကက စစ်သည်တွေရဲ့ ဦးနှောက်နဲ့ ဒါကို ဘယ်လို စီမံချက်ချလဲဆိုတာပဲ” ဟု သူမက ပြောသည်။ “စက်ပစ္စည်းတွေအချင်းချင်း၊ အော်ပရေတာ တွေအချင်းချင်း ကြားထဲက ဆက်သွယ်ရေးကို ဘယ်လို ချိတ်ဆက်ပေးလဲ ဆိုတာပါပဲ။”
စိန်ခေါ်မှုများကလည်း တိုးတက်ပြောင်းလဲနေသည်။ “Salamander 6 ကို လှည့်စား (spoof) ခြင်း ခံလိုက်ရပြီ” ဟု အော်ပရေတာတစ်ဦးက သူ၏ တပ်မှူးကို ပြောသည်။ “ကျွန်တော်တို့ လမ်းကြောင်းကို အကြမ်းဖျင်း သတ်မှတ်ထားပြီး GPS မပါဘဲ မောင်းနှင်နေပါတယ်။” စစ်မြေပြင်တစ်ခွင်တွင် တည်နေရာ အချက်အလက်များအပေါ် ထိန်းချုပ်နိုင်မှုသည် အလွန်အရေးကြီးပြီး၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် နေ့ဘက်က ရိုက်ကူးထားသော ဒရုန်းရုပ်သံများနှင့် ဗုံးဒဏ်ကြောင့် အမာရွတ်များ ထင်ကျန်နေသည့် လယ်ကွင်းပြင်ပေါ်မှ အကောင်းဆုံးလမ်းကြောင်းကို သေချာစွာ သုတေသနပြုလုပ်ပြီး လမ်းစရှာဖွေရသည်။
အခြားစက်ရုပ်နှစ်စီးသည် မထင်မရှား သစ်ပင်တန်းတစ်ခုသို့ ချဉ်းကပ်သွားပြီးနောက် ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထိုနေရာတွင် ရုရှားစခန်းများ ရှိနေသည်ကို စောစောပိုင်းက တွေ့ရှိခဲ့ကြောင်း တပ်ဖွဲ့က ပြောသည်။
ပဉ္စမမြောက်စက်ရုပ်မှာမူ ထိရောက်မှု သိပ်မရှိဘဲ ကတုတ်ကျင်းတစ်ခုအတွင်း ဘေးစောင်းလဲကျသွားခဲ့ပြီး၊ ဆဋ္ဌမမြောက်စက်ရုပ်မှာ ရုရှားတို့၏ ကြားဖြတ်ဟန့်တားခြင်းကို ခံခဲ့ရသည်။
မြေပြင်အထက်တွင် စက်ရုပ်များသည် အခြေခံအကျဆုံး ခြေလျင်တပ်သားများ၏ တာဝန်များကိုပင် အစားထိုးလာသည်။ ဆိုင်ဘာ (Ciber) ၏ အဖွဲ့သည် ဒရုန်းကာပိုက်ကွန် အောက်တွင် မောင်းပြန် စက်သေနတ်ကြီး (Browning heavy machine gun) ကို တင့်ကား ချိန်းကြိုးများပေါ်သို့ တပ်ဆင်ရန် လျင်မြန်စွာ လုပ်ဆောင်နေကြသည်။ ဤစက်ပစ္စည်းတွင် ပစ်မှတ်များကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နိုင်စေရန် ကင်မရာအမြောက်အမြား တပ်ဆင် ထားသည်။ ၎င်းတို့သည် ချိန်းကြိုးများမှ ခြောက်သွေ့နေသော ရွှံ့များကို သန့်ရှင်းရေးလုပ်ပြီး ဖုန်မှုန့်များကို မှုတ်ထုတ်နေကြသည်။ ဤစက်သည် သစ်ရွက်များကြားတွင် ရက်ပေါင်းများစွာ ပုန်းအောင်းပြီး သားကောင်ကို စောင့်ဆိုင်းနိုင်သည်။ ၎င်းသည် ရေ၊ အစာ မလိုသလို၊ ခြေထောက်ကြွက်တက်ခြင်းလည်း မရှိပေ။ ပြန်လည်ဖြည့်တင်းရန် လိုအပ်သည့် တစ်ခု တည်းသော ကန့်သတ်ချက်မှာ ခဲယမ်းမီးကျောက်သာ ဖြစ်ကြောင်း ဆိုင်ဘာက ပြောသည်။ ကျည်ဆန်အချက် ၄၀၀ ကုန်ဆုံးသွားပါက ၎င်းသည် စခန်းသို့ ပြန်လာရမည်ဖြစ်သည်။ “ရန်သူကို တိုက်ခိုက်ဖို့ ဒီစက်ရုပ်ကို ကျွန်တော်တို့ အသုံးပြုတဲ့အခါ သူတို့တွေ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြတယ်၊ မြေပြင်ပေါ်မှာ ဝပ်တွားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြတာဗျ။”
ဆိုင်ဘာ၏ တပ်ဖွဲ့တွင် ထိုကဲ့သို့သော စက် ၅ စီးရှိပြီးချွေချွေတာတာ အသုံးပြုနေရသလို၊ တိုက်ပွဲအတွင်းသို့ ကာလာရှ်နီကော့ဗ် (Kalashnikov) လက်နက်ငယ်များ သယ်ဆောင်နိုင်ပြီး တစ်နာရီလျှင် ၁၀ မိုင်နှုန်း မောင်းနှင်နိုင်သည့် ပိုမိုမြန်ဆန်သော အခြားစက်ရုပ်တစ်စီးကိုလည်း ပြင်ဆင်နေသည်။ ယူကရိန်း၏ အလိုအလျောက်စနစ် ပြောင်းလဲခြင်း အရှိန်အဟုန်နှင့် အတိုင်းအတာသည် မှင်သက်ဖွယ်ရာ ဖြစ်သည်။ လပိုင်းအတွင်းမှာပင် လူမဲ့စက်ပစ္စည်းများ သည် ရှေ့တန်း၌ တွေ့ရခဲသော ထူးဆန်းသည့် ပစ္စည်းများအဆင့်မှ ပုံမှန်ထုတ်ပေးသည့် ပစ္စည်းများ ဖြစ်လာခဲ့သည်။ ဒဏ်ရာရစစ်သည်များကို ကယ်ဆယ်သည့် သို့မဟုတ် ရှေ့တန်း တပ်ဖွဲ့များကို ရိက္ခာပြန်လည်ဖြည့်တင်းပေးသည့် စက်ရုပ်များ ဖြစ်လာခဲ့သည်။
ရုရှားဒရုန်းများ၏ နေရာအနှံ့ တိုက်ခိုက်မှုအောက်တွင် ရိက္ခာဖြည့်စွက်ပေးမည့် စက်ရုပ် တစ်စီးကို ပစ္စည်းများ ပြန်လည်တင်ဆောင်ရသည့် အလုပ်သည်ပင် အန္တရာယ်ကြီးမားလှ သည်။ ၉၃ ခုမြောက် တပ်မဟာသည် သစ်ပင်များအောက်တွင် ပုန်းအောင်းနေသည့် စက်ရုပ်ရိက္ခာဖြည့်တင်းရေး တပ်ဖွဲ့များထံသို့ ခဲယမ်း၊ အစားအစာနှင့် ရေများကို ပို့ဆောင် ရန်အတွက် ဒရူဇစ်ဗ်ကာ (Druzhivka) မြို့အတွင်းသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။ မြို့ပေါ်တွင် လူဦးရေ ရှိနေဆဲဖြစ်သော်လည်း ရုရှားဒရုန်းများ၏ တိကျမှုနှင့် ထိုးဖောက်နိုင်စွမ်း တို့ကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်များသည် အရပ်သားလူနေမှုဘဝအတွင်း ရောနှော ပုန်းအောင်း ၍ မရနိုင်တော့ပေ။
ပစ္စည်းတစ်ခုကို မထင်မရှား လယ်သမားအိမ်တစ်အိမ်တွင် ပို့ဆောင်ပေးခဲ့ပြီး ထိုနေရာတွင် ခဲယမ်းသေတ္တာ ၅ လုံးကို စက်ရုပ်ပေါ်သို့ သိုင်းချည်ခဲ့သည်။ မိုင်ပေါင်းများစွာ အကွာရှိ ဘန်ကာတစ်ခုမှနေ၍ အဝေးထိန်းမောင်းသူက ထိန်းချုပ်လိုက်သည်နှင့် စက်ရုပ်သည် ဝူးဝူးဝါးဝါး မြည်ကာ အသက်ဝင်လာပြီး၊ အိမ်တွင်းခြံစည်းရိုးနှစ်ခုကြားရှိ ရွှံ့လမ်းငယ်လေးအတိုင်း၊ စိတ်ဝင်စားမှုမရှိသော ဒေသခံများကို ဖြတ်သန်းကာ ရှေ့တန်းစစ်မျက်နှာသို့ ၎င်း၏ ၁၀ နာရီကြာ ခရီးစဉ်ကို စတင်မောင်းနှင်သွားခဲ့သည်။
ရှေ့တန်းစစ်မျက်နှာ၌ တစ်နှစ်တာ
ယူကရိန်း၏ ရှေ့တန်းတပ်ဖွဲ့ဝင်များသည် မကြာခဏဆိုသလို ၎င်းတို့၏ လုပ်နိုင်စွမ်း ကန့်သတ်ချက်များ ရောက်သည့်အထိ ရုန်းကန်နေရသဖြင့် ဤပစ္စည်းပို့ဆောင်မှုများသည် အရေးတကြီး လိုအပ်နေသည်။ နာရီအနည်းငယ်အကြာတွင်၊ ကိဗ်အနေဖြင့် စစ်မှုထမ်းရန် အသက်မီသည့် အမျိုးသားများကို ရှာဖွေရန် မည်မျှအထိ ရုန်းကန်နေရသည်ကို ပြသနေသည့် စိတ်မကောင်းစရာ အထောက်အထားနှစ်ခုနှင့် ကျွန်ုပ်တို့ တွေ့ဆုံခဲ့ရသည်။
၂၄ ခုမြောက် စက်မှုတပ်မဟာမှ စစ်သည်နှစ်ဦးဖြစ်သည့် ခရိုး (Crow) နှင့် ခရီးပီး (Creepy) တို့သည် ရှေ့တန်းကတုတ်ကျင်းများတွင် မနားတမ်း ၃၄၄ ရက်နှင့် ၃၃၄ ရက် အသီးသီး ကုန်ဆုံးခဲ့ကြပြီးဖြစ်သည်။ ခရိုး၏ အနည်းငယ် ဒယိမ်းဒယိုင်ဖြစ်နေသော လမ်းလျှောက်ပုံနှင့် ငေးမောနေသော မျက်ဝန်းများက ၎င်း၏ ပြင်းထန်သော ဆင်းရဲဒုက္ခကို ဖော်ပြနေပြီး၊ ၎င်းသည် ယနေ့နံနက် အရုဏ်တက်ချိန်တွင်တာဝန် ပြီးဆုံးခဲ့ကာ ဘေးကင်းရာသို့ ၁၂ နာရီကြာ၊ ၂၀ မိုင်ခရီးကို လမ်းလျှောက်ခဲ့ရသည်။ “ကျွန်တော့်ကို ဆက်ပြီး ကြိုးစားစေခဲ့တာက ကျွန်တော့်ရဲ့ သားသမီးတွေနဲ့ ဇနီးပဲ ရှိတယ်ဗျာ။ ဒါမှမဟုတ်ရင် ကျွန်တော် စိတ်ရူးပေါက်သွား တာ ကြာလှပြီ” ဟု သူက ပြောကြားခဲ့သည်။
ယူကရိန်းသည် လစဉ် ရုရှားတပ်ဖွဲ့ဝင်များကို သေဆုံး သို့မဟုတ် ဒဏ်ရာရရှိစေရန် ရည်မှန်းချက်ကြီးကြီးမားမား ချမှတ်ထားသည်။
မာ့ခ် ဖိလစ် / CNN









