CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက်
ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ အမိန့်အရ ကနေဒီစင်တာ အဆောက်အအုံမှ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမည်ကို ဖယ်ရှားရန် သတ်မှတ်ထားသော နောက်ဆုံး အချိန်ကို ကျော်လွန်သွားခဲ့ပြီးနောက်၊ သမိုင်းဝင် အနုပညာဖျော်ဖြေရေးဗဟိုဌာနဖြစ်သည့် ၎င်းစင်တာသည် တရားရုံး၏ ညွှန်ကြားချက်ကို အကောင်အထည်ဖော်ရန် အချိန်ပိုပေးရန် ထပ်မံတောင်းဆိုထားသည်။
စင်တာကို ကိုယ်စားပြုသည့် တရားရေးဝန်ကြီးဌာန ရှေ့နေများက လုပ်ငန်းများကို ဆောင်ရွက် နေဆဲဖြစ်သော်လည်း ဝါရှင်တန်ဒေသတွင် မိုးသက်မုန်တိုင်းများ ကျရောက်ခဲ့သဖြင့် ကြန့်ကြာ မှု များ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အလုပ်သမားအဖွဲ့များအနေဖြင့် သမတ်ထရမ့်၏ အမည်ကို စနေနေ့ “ အာရုဏ်တက်ချိန်” တွင် အပြီးသတ် ဖယ်ရှားနိုင်မည်ဟု မျှော်လင့်ထား ကြောင်း ၎င်းတို့က ဆိုသည်။
အမေရိကန် ခရိုင်တရားသူကြီး ကေစီ ကူးပါး (Casey Cooper) က သောကြာနေ့ ည ၁၁:၅၉ နာရီကို စင်တာအနေဖြင့် တရားရုံးအမိန့်အား လိုက်နာဆောင်ရွက်ပြီးစီးကြောင်း အတည်ပြု ရမည့် နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တရားသူကြီးသည် ၎င်း၏ ညွှန်ကြားချက်ကို ဆောင်ရွက်ပြီးစီးကြောင်း တင်ပြရန် အချိန်ပိုပေးပါရန် စင်တာ၏ တောင်းဆိုချက်အပေါ် တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။
အလုပ်သမားအဖွဲ့များသည် သောကြာနေ့တွင် အဆောက်အအုံအပြင်ဘက်ရှိ အမည်ဆိုင်း ဘုတ် အောက်၌ ငြမ်းများကို စတင်တပ်ဆင်ခဲ့ပြီး လုပ်ငန်းစဉ်သည် စနေနေ့ မိုးလင်းခါနီးအထိ ဆက်လက်လုပ်ဆောင်ခဲ့သည်။ နံနက် ၂ နာရီခန့် မတိုင်မီတွင် အလုပ်သမားများသည် ငြမ်းများ အနီး၌ အကာအကွယ်အဝတ်စများ စတင်ကာကွယ်ချခဲ့ပြီး လုပ်ငန်းခွင်တိုးတက်မှုကို အများ ပြည်သူ မမြင်နိုင်အောင် ပိတ်ဆို့ခဲ့ရာ၊ အောက်တွင် စုရုံးနေသော လူအုပ်ကြီးက “ ရှက်တတ်ကြစမ်း!” (Shame!) ဟု ကြွေးကြော်ခဲ့ကြသည်။
သောကြာနေ့အစောပိုင်းတွင် အယူခံတရားရုံးတစ်ခုက ကနေဒီစင်တာအနေဖြင့် သောကြာနေ့ မကုန်မီ အဆောက်အအုံမှ သမ္မတ၏အမည်ကို ဖယ်ရှားရန် ဖက်ဒရယ်တရားသူကြီး၏ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး၊ နောက်ထပ် တရားရုံးလုပ်ထုံးလုပ်နည်းများ ဆောင်ရွက် နေစဉ်အတွင်း ထိုအမိန့်ကို ဆိုင်းငံ့ထားရန် စင်တာ၏ နောက်ဆုံးမိနစ် ကြိုးပမ်းချက်ကို ပယ်ချခဲ့သည်။
အယူခံတရားရုံးသည် အတိုချုံး လက်မှတ်မပါသော အမိန့်တွင် ၎င်းတို့၏ ဆုံးဖြတ်ချက် အတွက် အကြောင်းပြချက်ကို ရှင်းလင်းဖော်ပြခြင်း မရှိခဲ့ပေ။ ယင်းခုံရုံးအဖွဲ့တွင် ထရမ့် ခန့်အပ်ခဲ့သော တရားသူကြီး ဂရက်ဂိုရီ ကတ်ဆပ်စ် (Gregory Katsas)၊ သမ္မတဟောင်း ဘာရက်အိုဘားမား ခန့်အပ်ခဲ့သော ပတ်ထရစ်ရှာ မီးလက် (Patricia Millett) နှင့် ရောဘတ် ဝီလ်ကင်စ် (Robert Wilkins) တို့ ပါဝင်သည်။
တရားသူကြီးများက အဆောက်အအုံ၊ ဝက်ဘ်ဆိုက်၊ ကြော်ငြာပစ္စည်းများနှင့် အခြားနေရာ များမှ ထရမ့်၏အမည်ကို ဖယ်ရှားရမည်ဟူသော အောက်တရားရုံး၏ စီရင်ချက်ကို ဆိုင်းငံ့ ထားရန် စင်တာ၏ လျှောက်ထားမှုနှင့် ပတ်သက်၍ ယခုလနှောင်းပိုင်းတွင် နောက်ထပ် စာဖြင့်ရေးသားထားသော ဥပဒေကြောင်းအရ လျှောက်လဲချက်များကို တင်ပြရန် တောင်းဆို ထားသည်။ သို့သော် လာမည့်ရက်သတ္တပတ်များအတွင်း ဥပဒေကြောင်းအရ အငြင်းပွားမှုများ ဆက်လက်ရှိနေဦးမည် ဖြစ်သော်လည်း၊ စင်တာအနေဖြင့် လက်ရှိတွင် တရားသူကြီး၏ ညွှန်ကြားချက်ကို အပြည့်အဝ လိုက်နာရန် အဆင့်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။
စင်တာသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အချို့သောနေရာများတွင် အမည်ပြောင်းလဲမှုကို ပြန်လည်ပြင်ဆင်ရန် အဆင့်အချို့ လုပ်ဆောင်ခဲ့သော်လည်း၊ တရားသူကြီး ကူးပါး၏ စီရင်ချက်ကို ရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် အဆောက်အအုံအရှေ့မျက်နှာစာတွင် “The Donald J. Trump and” ဟူသော စာလုံးများကို ဆက်လက်ချန်လှပ်ထားခဲ့သည်။
တရားရုံးတွင် ရှေ့နေများက ဆက်လက်ခုခံချေပ
တရားရေးဝန်ကြီးဌာန ရှေ့နေများသည် ဒီစီပတ်လမ်း (DC Circuit) အယူခံတရားရုံးသို့ တင်ပြခဲ့သည့် စာမျက်နှာ ၂၂ မျက်နှာပါ လျှောက်လဲချက်တွင် တရားသူကြီး ကူးပါး ရှေ့မှောက်၌ ၎င်းတို့ တင်ပြခဲ့ဖူးသည့် အကြောင်းပြချက် အများအပြားကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြသည်။ ယင်းတွင် စင်တာ၏ မူလအမည်ကို ယခုချက်ချင်း ပြန်လည်ပြောင်းလဲ လိုက်ပါက၊ အမည်ပြောင်းလဲခြင်းအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်မှုကို ၎င်းတို့ နောက်ဆုံး တွင် အနိုင်ရရှိသွားခဲ့လျှင် အများပြည်သူအကြား ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟူသော အချက်လည်း ပါဝင်သည်။
သို့သော် ၎င်းတို့က တရားသူကြီး၏ အမိန့်ကို လိုက်နာခြင်းသည် စင်တာသို့ ပုဂ္ဂလိကမှ ပေးအပ်မည့် အလှူငွေများကို ထိခိုက်စေနိုင်ကြောင်း အလားအလာကိုလည်း ထောက်ပြ ခဲ့ကြ သည်။ စင်တာ၏ “ မှတ်တမ်းများ၊ စျေးကွက်ရှာဖွေရေး၊ အမှတ်တံဆိပ်၊ အဆောက်အအုံ မျက်နှာစာ သို့မဟုတ် အခြားဆက်စပ်နေရာများ” မှ ထရမ့်၏အမည်ကို ဖယ်ရှားပါက အလှူရှင်များထံသို့ ငွေကြေးများ ပြန်လည်ပေးအပ်ရမည်ဟု စည်းမျဉ်းများတွင် ပြဋ္ဌာန်း ထားကြောင်း တရားရေးဝန်ကြီးဌာနက ထောက်ပြခဲ့သည်။
“ ဒီငွေတွေအားလုံး၊ ဒေါ်လာသန်းပေါင်း ရာနဲ့ချီတဲ့ ငွေတွေကို စင်တာကနေ ချက်ချင်း ပြန်ပေး ရမှာ ဖြစ်သလို၊ ဒါမှမဟုတ် ရရှိတော့မှာ မဟုတ်ပါဘူး” ဟု တရားရေးဝန်ကြီးဌာနက အယူခံ တရားရုံးသို့ တင်ပြခဲ့သည်။
စင်တာတွင် စုရုံးနေသော လူအုပ်ကြီးက “ ဖြုတ်ချပစ်” ဟု ကြွေးကြော်
သောကြာနေ့မွန်းလွဲပိုင်းတွင် ငြမ်းများ တစ်စိတ်တစ်ပိုင်း တပ်ဆင်ပြီးစီးချိန်၌ ထိုဒေသ အတွင်းသို့ ပြင်းထန်သော မိုးသက်မုန်တိုင်းများ ဝင်ရောက်လာပြီး အယူခံတရားရုံးသို့ အမိန့်ဆိုင်းငံ့ရန် လျှောက်ထားချိန်တွင် အလုပ်သမားအဖွဲ့များသည် ၎င်းတို့၏ လုပ်ငန်းများကို ခေတ္တရပ်နားခဲ့သည်။ ဆန္ဒပြသူ လူအုပ်ငယ်တစ်စုသည် ဖြစ်ပျက်နေသည့် အခြေအနေကို စောင့်ကြည့်ရင်း “ ဖြုတ်ချပစ်” ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြပြီး၊ တစ်ချိန်တွင် အလုပ်သမား များ ကို “ သူရဲကောင်းများ” ဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။
ဥပဒေကြောင်းအရ စိန်ခေါ်မှုကို ဦးဆောင်ခဲ့သည့် အိုဟိုင်းယိုးပြည်နယ်မှ ဒီမိုကရက်တစ် အမတ် ဂျွိုက်စ် ဘီတီ (Joyce Beatty) သည်လည်း ထိုနေရာသို့ ရောက်ရှိလာပြီး အခြေအနေ ကို ကြည့်ရှုကာ ငြမ်းများအောက်တွင် ဓာတ်ပုံရိုက်ခဲ့သည်။ “ ကျွန်မတို့ဟာ တရားမျှတမှုနဲ့ ဥပဒေရဲ့ မှန်ကန်တဲ့ဘက်မှာ ရှိနေတယ်ဆိုတာ သိပါတယ်” ဟု ဘီတီက ဆန္ဒပြသူများ၏ လက်ခုပ်သြဘာပေးမှုများအကြား ပြောကြားခဲ့သည်။ “ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ကနေဒီ မိသားစုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” ဟု ဆိုသည်။
“ သူတို့ ကျွန်မတို့ကို ပြန်တိုက်ခိုက်မှာကတော့ သေချာပါတယ်။ လမ်းတစ်လျှောက်လုံးမှာ ဥပဒေကြောင်းအရ တိုက်ပွဲတွေ ရှိနေမှာပါ” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
ထရမ့်၏အမည် ပါရှိသော ဆိုင်းဘုတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့အစည်း၏ ခေါင်းဆောင်မှုနှင့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် သမ္မတအား ဂုဏ်ပြုသောအားဖြင့် ၎င်း၏အမည်ကို ထည့်သွင်းရန် ဂေါပက အဖွဲ့က မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမည်ပြောင်းလဲခြင်းသည် ကနေဒီမိသားစု၏ ဝေဖန်မှုကို ခံခဲ့ရသလို ဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဂေါပကအဖွဲ့သည် အနုပညာ စင်တာအပေါ် ထရမ့်၏ “ နက်ရှိုင်းသော ပေးအပ်မှု” ကို ဂုဏ်ပြုသည့် ဆုံးဖြတ်ချက် တစ်ခု ကိုလည်း အတည်ပြုခဲ့ပြီး “ ထရမ့်-ကနေဒီစင်တာ ရန်ပုံငွေ” (Trump Kennedy Center Fund) ကို တည်ထောင်ခဲ့သည်။ ယင်းသည် “ စင်တာအတွက် ရန်ပုံငွေပံ့ပိုးရန် ပုဂ္ဂလိက ရန်ပုံငွေများ ကို ထပ်မံရှာဖွေရန်” ဖြစ်ကြောင်း ကနေဒီစင်တာ တာဝန်ရှိသူတစ်ဦးက CNN သို့ ပြောကြား ခဲ့သည်။ ထိုရန်ပုံငွေများသည် ထရမ့် လက်မှတ်ရေးထိုးခဲ့သော “One Big Beautiful Bill” ဥပဒေကြမ်းမှတစ်ဆင့် လွှတ်တော်က ခွဲဝေချထားပေးသည့် ဒေါ်လာ ၂၅၇ သန်းအပြင် ထပ်ဆောင်း ရရှိမည့် ငွေများဖြစ်သည်။
သမ္မတကိုယ်တိုင် ၎င်း၏အမည်ဖြင့် တည်ထောင်ထားသော ရန်ပုံငွေသို့ ကိုယ်ပိုင်ငွေကြေး လှူဒါန်းခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ကနေဒီစင်တာမှ သမ္မတအမည် ဖယ်ရှားရန် အမိန့်အပေါ် ထရမ့်အစိုးရ အယူခံဝင်
ဖက်ဒရယ်တရားသူကြီးတစ်ဦးသည် အယူခံဝင်မှုများ ဆောင်ရွက်နေစဉ်အတွင်း သမိုင်းဝင် ဖျော်ဖြေရေးအနုပညာဗဟိုဌာနမှ သမ္မတ ဒေါ်နယ်ထရမ့်၏ အမည်ကို ဖယ်ရှားခြင်းမှ ရှောင်လွှဲရန် ကနေဒီစင်တာ၏ နောက်ဆုံးမိနစ် ကြိုးပမ်းချက်ကို သောကြာနေ့တွင် ပယ်ချခဲ့သည်။
ကြာသပတေးနေ့နှောင်းပိုင်းတွင် စင်တာသည် ခရိုင်တရားသူကြီး ကေစီ ကူးပါးထံသို့ ၎င်းလွန်ခဲ့သော နှစ်ပတ်က ထုတ်ပြန်ခဲ့သည့် စီရင်ချက်ကို ဆိုင်းငံ့ပေးရန် တောင်းဆိုခဲ့သည်။ ယင်းစီရင်ချက်တွင် အဆောက်အအုံ၊ ဝက်ဘ်ဆိုက်နှင့် အခြားကြော်ငြာပစ္စည်းများတွင် ထရမ့်၏အမည်ကို ထည့်သွင်းခြင်းသည် ဥပဒေနှင့်မညီကြောင်း ဖော်ပြထားသည်။
ကူးပါးသည် စင်တာအနေဖြင့် သောကြာနေ့မကုန်မီ ၎င်း၏စီရင်ချက်ကို လိုက်နာဆောင်ရွက် ရန် အမိန့်ပေးခဲ့ပြီး စင်တာသည် အချို့နေရာများတွင် ပြောင်းလဲမှုများကို ပြန်လည်ပြင်ဆင် ထားပြီး ဖြစ်သည်။
သောကြာနေ့တွင် ကူးပါးက ကနေဒီစင်တာသည် ၎င်း၏ဆုံးဖြတ်ချက်ကို လိုက်နာရမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး၊ ထရမ့်နှင့် ဂေါပကအဖွဲ့တို့သည် “ မည်သည့်အယူခံ မှုတွင်မဆို အောင်မြင်နိုင်ခြေရှိကြောင်း ခိုင်မာစွာ ပြသနိုင်ခြင်း မရှိ” ဟု ပြောကြားခဲ့သည်။
ထရမ့် ကိုယ်တိုင်ရွေးချယ်ခဲ့သော ကနေဒီစင်တာ ဂေါပကအဖွဲ့သည် ကြာသပတေးနေ့တွင် စီရင်ချက်ကို အယူခံဝင်မည့် အစီအစဉ်များကို ဆွေးနွေးရန် အစည်းအဝေးတစ်ရပ် ခေါ်ယူ ခဲ့သည်။
မွန်းလွဲပိုင်း အစည်းအဝေးတွင် ဂေါပကအဖွဲ့သည် ကူးပါး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အယူခံတင်သွင်းရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခု အရ သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် စင်တာသို့ ထရမ့်အမည် ထည့်သွင်းခြင်းသည် ဥပဒေကို ဖောက်ဖျက်ရာရောက်ကြောင်း ဖော်ပြထားသည်။ ကူးပါးက စင်တာအနေဖြင့် ဆယ်စုနှစ်များစွာ သက်တမ်းရှိပြီဖြစ်သော အဆောက်အအုံကို ပြုပြင်မွမ်းမံမှုများ ဆက်လက် လုပ်ဆောင်နိုင်ပြီး၊ အချိန်ပြည့် အစီအစဉ်အချို့ကို အမြဲတမ်း ထိန်းသိမ်းထားရန် ဥပဒေအရ သတ်မှတ်ချက်အပေါ် သက်ရောက်မှုများကို ဂေါပကအဖွဲ့က ပိုမိုပြည့်စုံစွာ ထည့်သွင်းစဉ်းစား ပြီးနောက် စင်တာကို ပိတ်သိမ်းရန် နောက်ပိုင်းတွင် ဆုံးဖြတ်နိုင်ကြောင်းလည်း ပြောကြား ခဲ့သည်။
အယူခံကို အမေရိကန် ဒီစီပတ်လမ်း အယူခံတရားရုံး (US DC Circuit Court of Appeals) သို့ တင်သွင်းထားသော်လည်း တရားရုံးက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။
မေလ ၂၉ ရက်က ချမှတ်ခဲ့သော ၎င်း၏စီရင်ချက်တွင် ကူးပါးသည် “Trump Kennedy Center” သို့မဟုတ် “Donald J. Trump and John F. Kennedy Memorial Center for the Performing Arts” ဟူသော အမည်ရည်ညွှန်းချက် အားလုံးကို ဖယ်ရှားရန် စင်တာအား ၁၄ ရက် အချိန်ပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများကို စတင်နေပြီဖြစ်ပြီး၊ စင်တာ၏ အထွေထွေအကြံပေးအရာရှိက ဝန်ထမ်းများအနေဖြင့် ပြီးခဲ့သည့်အပတ်က ၎င်းတို့၏ အီးမေးလ်လက်မှတ်များ (Email Signatures) မှ ထရမ့်အမည်ကို ဖယ်ရှားရန် တိုက်တွန်းခဲ့ကာ ဝက်ဘ်ဆိုက်လိုဂိုကိုလည်း ပြောင်းလဲခဲ့သော်လည်း၊ အဆောက်အအုံအပြင်ဘက်ရှိ ဆိုင်းဘုတ် မှာမူ သောကြာနေ့မွန်းလွဲပိုင်းအထိ ရှိနေဆဲဖြစ်သည်။
CNN အနေဖြင့် ဆိုင်းဘုတ်အနီးတွင် အလုပ်သမားများ ငြမ်းဆင်နေသည်ကို တွေ့မြင်ခဲ့ရပြီး၊ ယင်းသည် ဖယ်ရှားရေးလုပ်ငန်းစဉ် မကြာမီ စတင်တော့မည်ဖြစ်ကြောင်း ပြသနေသည်။
သတင်းရင်းမြစ်က ယင်းအစည်းအဝေးကို နိုင်ငံရေးသရော်စာ ရုပ်သံအစီအစဉ်တစ်ခု ဖြစ်သည့် “Veep” ၏ အပိုင်းတစ်ခုနှင့် နှိုင်းယှဉ်ခဲ့ပြီး CNN သို့ ပြောကြားရာတွင်၊ ဘဲဥပုံရုံးခန်း (Oval Office) မှတစ်ဆင့် ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လူတ်နစ်ခ် (Howard Lutnick) ၏ iPhone မှတစ်ဆင့် အစည်းအဝေးသို့ ဖုန်းခေါ်ဆိုခဲ့သော ထရမ့်သည် အစည်းအဝေးအချိန် အချို့တွင် တရားသူကြီး ကူးပါးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း သိရသည်။
ထရမ့်နှင့် လူတ်နစ်ခ်တို့သည် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ၏ ကိုယ်ပိုင်ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ကူးပါး၏ဇနီး အေမီ ဂျက်ဖရက်စ် (Amy Jeffress) ကိုလည်း တိုက်ခိုက်ပြောဆိုခဲ့ကြသည်ဟု သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ထရမ့်အပေါ်အပြည့်အဝသစ္စာခံထားသောသူများနှင့် ပြည့်နေသည့်ဘုတ်အဖွဲ့သည် ထရမ့်၏ အထူးထောက်ပံ့ပေးမှု၊ သူ၏အလေးအနက် အာရုံစူးစိုက်ထားမှု နှင့် အမေရိကန် အင်စတီ ကျူးရှင်းတခုကို မကြုံစဖူး ချစ်ခင်မြတ်နိုးမှုကို အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်တခုကို ချမှတ်ရန် ဆွေးနွေးခဲ့ကြကြောင်း ဆုံးဖြတ်ချက်ကို CNN မှ ရရှိထားသော မိတ္တူတခုအရ သိရှိရသည်။ ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြသည်။

အိုကလာဟိုးမားပြည်နယ်၊ ဝါရှင်တန်ဒီစီရှိ ကနေဒီစင်တာတွင် အလုပ်သမားများ ငြမ်းဆင်နေသည်ကို ပြည်သူများ ရပ်ကြည့်နေကြစဉ်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ သောကြာနေ့။ Daniel Heuer/Bloomberg/Getty Images(ဓါတ်ပုံ)

ဝါရှင်တန်ဒီစီရှိ ဂျွန် အက်ဖ် ကနေဒီ ဖျော်ဖြေရေးအနုပညာဗဟိုဌာန (John F. Kennedy Center for the Performing Arts) ၏ အရှေ့မျက်နှာစာရှိ သမ္မတ ဒေါ်နယ်ထရမ့်၏ အမည်အောက်တွင် အလုပ်သမားတစ်ဦးသည် စက်လှေကားပေါ်၌ ရပ်နေစဉ်။ ၎င်းသည် စင်တာ၏အမည်ကို “ The Donald J. Trump and The John F. Kennedy Memorial Center for the Performing Arts” ဟု ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က ကြေညာခဲ့သည့် နောက်တစ်နေ့ဖြစ်သော ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် ဖြစ်သည်။ Kevin Lamarque/Reuters(ဓါတ်ပုံ)

ဝါရှင်တန်ဒီစီရှိ ဂျွန် အက်ဖ် ကနေဒီ ဖျော်ဖြေရေးအနုပညာဗဟိုဌာနအား သမ္မတ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုသောအားဖြင့် အမည်ပြောင်းလဲခဲ့ပြီးနောက်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အလုပ်သမားများက အဆောက်အအုံအပြင်ဘက်ရှိ ဆိုင်းဘုတ်ကို ပြုပြင်ပြောင်းလဲနေစဉ်။
Jim Watson/AFP/Getty Images (ဓါတ်ပုံ)







