တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) မှ သမ္မတရှီကျင့်ဖျင်၏ နီးစပ်သူ၊ တရုတ်ကွန်မြူနစ်ပါတီ၏နံပါတ် (၂) အဆင့်ရှိသူ လီချန် (Li Qiang) (၆၃ နှစ်) ကို တရုတ်၀န်ကြီးချုပ်သစ်အဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြောင်း ယနေ့ ကြေညာခဲ့သည်။ ဝန်ကြီးချုပ်ဖြစ်ရန် ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မှု မရှိဘဲ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
မစ္စတာလီသည် သမ္မတရှီ၏ကိုယ်စားလှယ်အဖြစ် လူသိများသည်။ သမ္မတရှီသည် ကျွေ့ကျန်းပြည်နယ်၏ ပါတီကော်မတီ အကြီးအကဲ အဖြစ်တာဝန်ယူစဉ်က မစ္စတာလီက သမ္မတရှီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ သစ္စာစောင့်သိမှုအတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် နွေဦးရာသီတွင်၊ သူသည် ရှန်ဟိုင်း၏ အကြီးအကဲ ဖြစ်သောအခါတွင် သူသည် ကိုရိုနာဗိုင်းရပ်အသစ် ကူးစက်ပြန့်ပွားမှုကို တုံ့ပြန်ရန်အတွက် မြို့ကို လော့ဒေါင်းချ ပိတ်ဆို့ခြင်းကို ပြုလုပ်ခဲ့သည့်အတွက် ကြီးမားသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ကွန်မြူနစ်ပါတီ၏ အမြင့်ဆုံး ခေါင်းဆောင်မှုဆိုင်ရာ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီတွင် ပါဝင်ရန် ခက်ခဲလိမ့်မည်ဟူသော အမြင်ရှိခဲ့သော်လည်း ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် ကွန်မြူနစ်ပါတီကွန်ဂရက်တွင် အမြင့်ဆုံးခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
ထိပ်တန်းဦးစားပေးပြဿနာမှာ သုံးနှစ်နီးပါးကြာမြင့်ခဲ့သော ကိုရိုနာလုံးဝကင်းစင်ရေး မူဝါဒကြောင့် ပျက်စီးခဲ့သည့် တရုတ်စီးပွားရေးကို ပြန်လည်တည်ဆောက်ရန်ဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွက် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တိုးတက်မှုနှုန်းသည် ၃% တွင် ရပ်တန့်နေပြီး အစိုးရ ရည်မှန်းထားသည့် ၅.၅% အောက်တွင် ရှိနေခဲ့သည်။
မစ္စတာလီသည် ကျွေ့ကျန်းပြည်နယ်၏ ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျန်ဆူးပြည်နယ်နှင့် ရှန်ဟိုင်းပြည်နယ်တို့တွင် အကြီးအကဲအဖြစ် ဆက်တိုက်ဆိုသလို တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်နယ်၏စီးပွားရေး တိုးတက်မှုကို ဦးဆောင်ရာတွင် အတွေ့အကြုံများစွာ ရှိသူဖြစ်သော်လည်း ဗဟိုအစိုးရတွင် တာဝန်ထမ်းဆောင်ဖူးသည့် အတွေ့အကြုံ မရှိသူဖြစ်သည်။
အမေရိကန်မီဒီယာများက မစ္စတာလီသည် ရှန်ဟိုင်းတွင် အကြီးအကဲဖြစ်စဉ်က လျှပ်စစ်ကား ကုမ္ပဏီကြီး တက်စလာကို စက်ရုံတည်ဆောက်ရန် ဆွဲဆောင်နိုင်ခဲ့ပြီး နည်းပညာမြင့် စက်မှုလုပ်ငန်းများ ပျိုးထောင်ရေးနှင့် ဒေသတွင်းစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။ သို့ရာတွင် ၎င်း၏ စီးပွားရေးစီမံခန့်ခွဲမှု ကျွမ်းကျင်မှု ရှိမရှိကိုမူ မသိရသေးပေ။
Source: AP, Yomiura