CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက်
အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ ကြာမြင့်လာပြီဖြစ်သော ဤစစ်ပွဲမှ ထွက်ပေါက်ကို ရှာမတွေ့သေးပေ။
ထရမ့်သည် မိမိဘာသာ ဖန်တီးခဲ့သည့် ပထဝီနိုင်ငံရေးနှင့် ပြည်တွင်းရေးဆိုင်ရာ ထောင်ချောက်နှစ်ခုကြားတွင် ပိတ်မိနေသည်။ ဟောမုဇ်(Hormuz) ရေလက်ကြားအပေါ် အီရန်၏ လွှမ်းမိုးနိုင်မှုနှင့် အရှုံးမပေးဘဲ တောင့်ခံထားမှုတို့ကြောင့် လက်ခံနိုင်ဖွယ်မရှိသော စစ်ရေးကုန်ကျစရိတ်ဖြင့် ဤစစ်ပွဲကို အပြတ်အသတ် မအဆုံးသတ်နိုင်ဘဲ ဖြစ်နေသည်။
ပဋိပက္ခသည် ကြာရှည်လာသည်နှင့်အမျှ ပြည်တွင်းရှိ နိုင်ငံရေးသက်ရောက်မှုများကလည်း သူ၏ ရွေးချယ်စရာလမ်းများကို ပိုမိုကျဉ်းမြောင်းစေသည်။ ထောက်ခံမှုနှုန်း ၃၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိခြင်း၊ ဓာတ်ဆီစျေးနှုန်း တစ်ဂါလန်လျှင် ၄ ဒသမ ၅၀ ဒေါ်လာကျော်အထိ မြင့်တက်နေခြင်းနှင့် စစ်ပွဲကို လူထုက ပိုမိုကန့်ကွက်လာခြင်းတို့ကြောင့် စစ်ပွဲကို ဆက်လက် ဆင်နွှဲရန် နိုင်ငံရေးအရ အသက်ရှူပေါက် မရှိသလောက် ဖြစ်နေသည်။
ထို့ကြောင့် ထရမ့်မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှု များတွင် တိုးတက်မှုများရှိနေသည်ဟု သူက အမြဲတမ်း အကောင်းမြင်ကာ ထုတ်ဖော်ပြောဆို နေခြင်းနှင့် ကြိုတင်သတိပေးချက်မရှိဘဲ စစ်ရေးဗျူဟာများကို ကြေညာခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့မှာ ဤအရှိတရားကြောင့်ပင် ဖြစ်သည်။
လတ်တလော မျှော်လင့်ချက်မှာ အီရန်၊ အမေရိကန်နှင့် ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန် တို့ကြား ဆွေးနွေးနေသည့် တစ်မျက်နှာစာ မှတ်တမ်း (memo) ပင် ဖြစ်ကြောင်း CNN က ဖော်ပြခဲ့သည်။ အဆိုပါစာတမ်းသည် စစ်ပွဲကို အဆုံးသတ်စေမည်ဖြစ်ပြီး ကျန်ရှိနေသည့် အငြင်းပွားဖွယ်ရာ အချက်များကို ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းရန် သတ်မှတ်ထားသည်။
ဤရိုးရှင်းသော နည်းလမ်းသည် ထရမ့်၏ အကြိုက်နှင့် ကိုက်ညီပေလိမ့်မည်။ သို့သော် အဆိုပါ တစ်မျက်နှာစာစာတမ်းကို သဘောတူညီခဲ့လျှင်ပင် နျူကလီးယားညှိနှိုင်းမှု၊ ဒုံးကျည်နှင့် လက်ဝေခံ အကြမ်းဖက်အဖွဲ့အစည်းများ အပါအဝင် အမေရိကန်နှင့် တီဟီရန် တို့ကြား ရာစုနှစ်ဝက်နီးပါး ကြာမြင့်နေပြီဖြစ်သော ရှုပ်ထွေးသည့် ပြဿနာများကို အပြီးသတ်ဖြေရှင်းနိုင်ရန် လုံလောက်ပုံမပေါ်ပေ။
ထို့အပြင် အီရန်ဘက်ကလည်း ၎င်းတို့၏ စီးပွားရေးကို ပြန်လည်ဦးမော့စေရန် ပိတ်ဆို့မှု များကို အကြီးအကျယ် ရုပ်သိမ်းပေးရန် တောင်းဆိုနေပြီး ၎င်းတို့အတွက် မဟာဗျူဟာ မြောက် အားသာချက်ဖြစ်နေသည့် ရေလက်ကြားမှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ဆောင်သည့် သင်္ဘောများ ဖြတ်သန်းမှုမှ အကျိုးအမြတ်များကိုရယူလိုသည့် ဆန္ဒများ လည်း ရှိနေသည်။
အမေရိကန်၏ အစီအစဉ်အပေါ် အီရန်၏ တုံ့ပြန်မှုကို ကြာသပတေးနေ့တွင် ပါကစ္စတန် ကြားဝင်စေ့စပ်သူများထံ ပေးအပ်လိမ့်မည်ဟု မျှော်လင့်ရသည်။ အချို့သော သတင်းရင်းမြစ် များ၏ အဆိုအရ ယခုဆွေးနွေးပွဲမှာ နှစ်ဖက်စလုံး စစ်ပွဲအဆုံးသတ်ရန် အနီးစပ်ဆုံး အခြေ အနေ သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ စစ်ပွဲ၏ လူသားချင်းစာနာမှုဆိုင်ရာနှင့် စီးပွားရေး ဆိုင်ရာ ကုန်ကျစရိတ်များမှာ ဆိုးရွားပြီး ပိုမိုကြီးမားလာသောကြောင့် ဤအကောင်းမြင်မှု သည် လက်တွေ့ဖြစ်လာရန် မျှော်လင့်ရပေမည်။
သို့သော် ထရမ့်သည် မကြာသေးမီ သီတင်းပတ်များအတွင်း “ သဘောတူညီချက်” တစ်ခု ရတော့မည်ဖြစ်ကြောင်းနှင့် တီဟီရန်က သူ၏ တောင်းဆိုချက်အားလုံးကို သဘောတူခဲ့ ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ အမေရိကန်၏ ရန်သူသည် မည်သို့မျှ အလျှော့မပေးဘဲ တောင့်ခံထားဆဲပင် ဖြစ်သည်။
နာရီပိုင်းသာ ကြာမြင့်ခဲ့သော အမေရိကန်၏ စစ်ဆင်ရေးသစ်
ဝါရှင်တန်၏ အမြင်အရ ဤစစ်ပွဲသည် ဗျူဟာမြောက် ရှုပ်ထွေးမှုများ၊ ရုတ်တရက် ပြောင်းလဲမှုများနှင့် မည်သို့အဆုံးသတ်မည်ကို မရေမရာဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ ဤအခြေအနေမှာ ပို၍ပင် ဆိုးရွားလာနေသည်။
ဥပမာအားဖြင့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အင်္ဂါနေ့တွင် “ Operation Epic Fury” ဟုခေါ်သော စစ်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း မတော်တဆလိုလို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် Hormuz ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ထရမ့်က နာရီပိုင်းအလိုတွင်ဖန်တီး ခဲ့သည့် အခြားစစ်ဆင်ရေးတစ်ခုအတွက် သူသည် တစ်နာရီနီးပါး အချိန်ပေးကာ ရှင်းလင်း ပြောကြား ခဲ့သည်။ သို့သော် သင်္ဘောအနည်းငယ်ကိုသာ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ခဲ့ ပြီးနောက် “ Project Freedom” ကို နာရီပိုင်းအတွင်းမှာပင် ရပ်ဆိုင်းလိုက်ရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရှိန်မြှင့်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ထရမ့်က ဆိုသော် လည်း ယခုကဲ့သို့ အမေရိကန်၏ ချဉ်းကပ်ပုံကို လျင်မြန်စွာ ကျင့်သုံးလိုက်၊ စွန့်လွှတ်လိုက် လုပ်နေခြင်းမှာ အမေရိကန်၏ ပြတ်သားသော သန္နိဋ္ဌာန်ကို ပြသရာမရောက်ပေ။
သက်တမ်းတိုလှသော Project Freedom သည် အီရန်ကျွမ်းကျင်သူ ထရီတာပါစီ(Trita Parsi) ခေါ်ဆိုသည့် ငွေကျဥ်ဆံ(“ silver bullet” ) ဗျူဟာ (ပြတ်သားသော လုပ်ဆောင်ချက်တစ်ခုတည်း ဖြင့် အီရန်ကို ဒူးထောက်စေနိုင်သည်ဟူသော ယုံကြည်ချက်) ကို ထရမ့်က နောက်ဆုံးအကြိမ် ထပ်မံအသုံးပြုခြင်း ဖြစ်သည်။
ပထမဦးစွာ အမေရိကန်နှင့် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုဖြင့် အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီကို လုပ်ကြံခဲ့သည်။ နောက်ပိုင်းတွင် စစ်ရေးပစ်မှတ်များကို ပြင်းထန်စွာ ဗုံးကြဲ ခဲ့ပြီး အီရန်သင်္ဘောများနှင့် ဆိပ်ကမ်းများကို ပိတ်ဆို့ခဲ့သည်။ ထို့နောက် “ Project Freedom” ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ယင်းကဲ့သို့ ရုတ်တရက် လုပ်ဆောင်ချက်များမှာ သေဆုံးသွားသော ခေါင်းဆောင်များ ၏ နေရာတွင် အစွန်းရောက်အသစ်များ အစားထိုးဝင်ရောက်လာပြီးနောက် အီရန်အစိုးရ ယန္တရားကို ဖြုတ်ချရန် မအောင်မြင်ခဲ့ပေ။ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ထိန်းချုပ်မှုမှာ အစိုးရပြိုလဲတော့မည်ဟု ခန့်မှန်းရလောက်အောင် ပြိုကွဲသွားသည့် လက္ခဏာလည်း မရှိပေ။ ၎င်းတို့၏ တော်လှန်ရေးအတွက် ရှင်သန်မှုသည်ပင်လျှင် အောင်ပွဲတစ်မျိုးဖြစ်သည်ဟု အီရန်၏ ရက်စက်သော အုပ်စိုးသူများက ရှုမြင်ကြသည်။
သမ္မတထံမှ ရှင်းလင်းသော အတွေးအမြင် သို့မဟုတ် စစ်ပွဲအဆုံးသတ်ရန် ခိုင်လုံသော အထောက်အထားကို မျှော်လင့်နေသူများမှာ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် စစ်မှုထမ်း မိခင်များအဖွဲ့သို့ သူပြောကြားခဲ့သော စကားများကြောင့် စိတ်ပျက်ခဲ့ကြရပေလိမ့်မည်။
ထရမ့်သည် အမေရိကန် စစ်သည်ထောင်ပေါင်းများစွာနှင့် ဒေါ်လာဘီယံနှင့်ချီ အကုန်အကျ ခံကာ ဆင်နွှဲနေရသည့် ကြီးမားလှသော စစ်ရေးလှုပ်ရှားမှုကို “ အသေးအဖွဲ ပဋိပက္ခ” (skirmish) ဟုသာ ခေါ်ဆိုကာ ပေါ့ပေါ့တန်တန် ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ကတော့ ဒါကို ပဋိပက္ခလေးတစ်ခုလို့ပဲ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက တကယ်ပဲ အသေးအဖွဲ ပဋိပက္ခလေးမို့လို့ပါ။ ဗင်နီဇွဲလားမှာ တစ်ရက်တည်းနဲ့ မြန်မြန်ဆန်ဆန် ပြီးသွားသလိုမျိုးပဲ အခုလည်း ကျွန်တော်တို့ မယုံနိုင်စရာကောင်းလောက်အောင် ကောင်း ကောင်း လုပ်နေပါတယ်။ အီရန်မှာလည်း အဲဒီအတိုင်းပါပဲ – ပိုပြီးတော့ ကြီးမားတာပဲရှိမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အခြေအနေ တော်တော်ကောင်းပါတယ်။ အရာအားလုံး အဆင်ပြေပြေ သွားနေပါတယ်၊ ဘာဖြစ်လာမလဲဆိုတာတော့ ကြည့်ရမှာပေါ့။ သူတို့က သဘောတူညီချက် ရချင်နေကြတယ်၊ ဆွေးနွေးချင်နေကြတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
စစ်ပွဲရက်ပေါင်း ၇၀ နီးပါး ရောက်လာချိန်တွင် ဗင်နီဇွဲလားအာဏာရှင် နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့သည့် နာရီပိုင်းသာကြာသော စစ်ဆင်ရေးနှင့် ယခုစစ်ပွဲကို နှိုင်းယှဉ်နေခြင်းမှာ အံ့ဩစရာပင် ဖြစ်သည်။
လိုက်လျောညီထွေရှိမှုနှင့် အခြေအနေအရ ကြံဆနိုင်မှုတို့သည် သမ္မတတစ်ဦးအတွက် ခွန်အားဖြစ်နိုင်သော်လည်း လက်ရှိအခြေအနေကို ငြင်းပယ်ကာ ရှုပ်ထွေးအောင် ပြောဆိုနေသော ထရမ့်၏ စကားများသည် ဤစစ်ပွဲမှ မည်သို့ထွက်ခွာရမည်ကို သိရှိသော ခေါင်းဆောင်တစ်ဦး၏ စကားများကဲ့သို့ မဟုတ်ပေ။
စစ်ရေးစစ်ဆင်ရေးသည် ဗျူဟာမြောက် အောင်မြင်မှုကို အဘယ်ကြောင့် မရရှိခဲ့သနည်း
စစ်ပွဲမပြီးဆုံးမီမှာပင် ဤစစ်ပွဲသည် လက်နက်အင်အားနည်းပါးသော နိုင်ငံငယ်လေးများက အချိုးမညီသော စစ်ဗျူဟာ (asymmetric warfare) ဖြင့် အင်အားကြီးနိုင်ငံများကို မည်သို့ တွန်းလှန်နိုင်သနည်းဟူသော သင်ခန်းစာတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။
အီရန်၏ ရေတပ်နှင့် လေတပ်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်ရေး လုပ်ငန်းများကို အပြင်းအထန် ထိခိုက်စေခဲ့သည်ဟူသော အစိုးရ၏ ပြောကြားချက်များမှာ အထောက်အထား ခိုင်လုံနိုင်ပါသည်။ သို့သော် မြေပြင်တပ်ဖွဲ့ဝင် သောင်းနှင့်ချီ စေလွှတ်ရန် ထရမ့်၏ ငြင်းဆိုမှုကြောင့် (ယခင် သမိုင်းကြောင်းများအရ ဤသည်မှာ ပညာရှိသော ဆုံးဖြတ် ချက်ဖြစ်သော်လည်း) အပြတ်အသတ် စစ်ရေးအောင်ပွဲကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်ပေ။
အမေရိကန်၏ စစ်ဆင်ရေးများတွင် ကန့်သတ်ချက်များ ရှိနေခြင်းနှင့် အီရန်က ရေလက်ကြား ကို ပိတ်ဆို့ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်စေကာ ထရမ့်အပေါ် နိုင်ငံရေးအရ ဖိအားများ သက်ရောက်စေနိုင်သည်ကို သိရှိသွားခြင်းတို့က စစ်မြေပြင်ကို ပိုမိုရှုပ်ထွေး စေခဲ့သည်။
“ အခုချိန်ထိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက အမေရိကန်ရဲ့ ကြီးမားတဲ့ စစ်ဆင်ရေး စွမ်းရည်နဲ့ အောင်မြင်မှုလို့ သတ်မှတ်နိုင်လောက်တဲ့ ဗျူဟာမြောက် ရလဒ်ထွက်ပေါ်လာဖို့ ခက်ခဲနေတဲ့ကြားက ကွာဟချက်ကို မီးမောင်းထိုးပြနေပါတယ်” ဟု အမေရိကန် German Marshall Fund မှ အီယန် လက်ဆာ(Ian Lesser) က ဆိုသည်။
ယင်းကဲ့သို့ ကွာဟချက်ကြောင့်ပင် စစ်ပွဲအစတွင် အရာရှိများ ပြောကြားခဲ့သည့်အတိုင်း စစ်ရေးအရ အောင်မြင်မှုနှင့်အညီ လျင်မြန်ပြီး ပြတ်သားသော ဗျူဟာမြောက် အောင်မြင်မှုကို ထရမ့်အနေဖြင့် အကောင်အထည် မဖော်နိုင်ဖြစ်နေရခြင်း ဖြစ်သည်။
အီရန်ပြည်သူများအနေဖြင့်လည်း ၎င်းတို့၏ အာဏာရှင်များကို ဆန့်ကျင်တော်လှန်ခြင်း မရှိသေးပေ။ အီရန်သည် နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ကြောင်း သို့မဟုတ် ၎င်းတို့၏ ယူရေနီယံသိုလှောင်မှုများကို လွှဲပြောင်းပေးရန် အတည်ပြုချက် မပေးသေးပေ။ ထို့အပြင် IRGC အနေဖြင့် လက်ဘနွန် သို့မဟုတ် ဂါဇာတွင် ၎င်းတို့၏ လက်ဝေခံကွန်ရက်များကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမည်မဟုတ်ဟုလည်း အာမခံချက် မရှိပေ။
Aspen Security Forum ၏ အမှုဆောင်ဒါရိုက်တာ အန်ဂျာ မဲနျူရယ်(Anja Manuel) က CNN မှ ဂျိတ်တက်ပါ(Jake Tapper) သို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သလိုပင် “ ဒီပဋိပက္ခက မပြီးဆုံး သေးပါဘူး။”
“ စစ်ဆင်ရေးအမည်ကို ပြောင်းလို့ရတယ်၊ အပစ်အခတ်ရပ်စဲရေး ကြေညာလို့ရတယ်၊ ဒါပေမဲ့ လက်တွေ့အခြေအနေကတော့ Hormuz ရေလက်ကြား ပိတ်နေတုန်းပါပဲ။ ကျွန်တော်တို့က အီရန်ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့နေတယ်၊ ရေနံစျေးက အမြင့်ဆုံးကို ရောက်နေတယ်၊ အမေရိကန်ကုမ္ပဏီတွေ ဒုက္ခရောက်နေကြတယ်၊ ဒီပဋိပက္ခက ဖြေရှင်းဖို့ အဝေးကြီး လိုပါ သေးတယ်” ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်၏ ညှိနှိုင်းမှု အနေအထား မည်သို့ ကျဆင်းလာသနည်း
တစ်ချိန်တည်းမှာပင် အမေရိကန်သည် “ အသာစီးရနေသည်” ဟု ထရမ့်၏ စကားကို ရူဘီယိုက အင်္ဂါနေ့တွင် အိမ်ဖြူတော်၌ ထပ်ဆင့်ပြောကြားခဲ့သော်လည်း အမေရိကန်၏ ညှိနှိုင်းမှု အနေအထားတွင် အားနည်းချက်များ ရှိနေသည်မှာ သိသာထင်ရှားနေသည်။
ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်မှာ အမေရိကန်၏ “ အလိုလားဆုံး အခြေအနေ” ဖြစ်ကြောင်း၊ “ မည်သူမဆို အသုံးပြုနိုင်ရမည်၊ ရေထဲတွင် မိုင်းများမရှိစေရ၊ မည်သူမျှ အခကြေးငွေ မပေးရ၊ အဲဒီအခြေအနေကို ပြန်ရောက်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
သို့သော် စစ်ပွဲမစတင်မီက အဆိုပါ ရေလက်ကြားသည် ပွင့်နေခဲ့ပြီးသားဖြစ်ပြီး ယခုအခါ အီရန်က ယင်းကို ခြိမ်းခြောက်ဟန့်တားမှုဆိုင်ရာ အဓိကလက်နက်တစ်ခုအဖြစ် အသုံးပြုနိုင် ကြောင်း သိရှိသွားခဲ့ပြီဖြစ်သည်။ ယခုအခါ ဤအရေးပါသော ရေလမ်းကြောင်းသည် အမေရိကန်နှင့် အီရန်ကြား ညှိနှိုင်းမှုများ၏ ဗဟိုချက်ဖြစ်လာခြင်းက စစ်ပွဲ၏ ဗျူဟာမြောက် အလေးသာမှုမှာ တီဟီရန်ဘက်သို့ ယိုင်နဲ့သွားကြောင်း ဖော်ပြနေသည်။
အန္တရာယ်ကြားတွင် ရောက်ရှိနေသော အမေရိကန် စစ်သည်များ၊ အကာအကွယ်မဲ့နေသော အီရန် အရပ်သားများ၊ မြင့်တက်နေသော လောင်စာဆီစျေးနှုန်းကြောင့် စိတ်ပျက်နေသော အမေရိကန်ပြည်သူများနှင့် ထရမ့်၏ စစ်ပွဲကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာနေရသော ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအတွက် အမြန်ဆုံး အဖြေရှာနိုင်ရန်မှာ အလွန်ပင် အရေးကြီး ပါသည်။
သို့သော် သမ္မတ၏ မရေရာသော စကားလုံးများ၊ သံတမန်ရေးရာ အောင်မြင်မှုကြီးများ ရတော့မည်ဟူသော သူ၏ မျှော်လင့်ချက်များနှင့် တစ်မျက်နှာစာ မှတ်တမ်းတစ်ခုက ငြိမ်းချမ်းရေးအတွက် သော့ချက်ဖြစ်နိုင်သည်ဟူသော အတွေးအခေါ်များက အစိုးရ၏ တည်ကြည်မှုနှင့် စွမ်းဆောင်ရည်အပေါ် သံသယများ ပိုမိုတိုးပွားစေလျက်ရှိသည်။

မေလ ၁ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ Air Force One လေယာဉ်ပေါ်မှ ဆင်းသက်လာသော သမ္မတ ဒေါ်နယ်ထရမ့်။ (ဓာတ်ပုံ – Roberto Schmidt/Getty Images)

မေလ ၆ ရက်နေ့က တီဟီရန်မြို့လယ်တွင် ကွယ်လွန်သူ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီ၏ ပုံပါရှိသော ဆိုင်းဘုတ်တစ်ခုရှေ့မှ ဆိုင်ကယ်များ ဖြတ်မောင်းသွားစဉ်။ (ဓာတ်ပုံ – Vahid Salemi/AP)

မတ်လ ၃ ရက်နေ့က အီရန်နိုင်ငံ Hormozgan ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းကို အမေရိကန်၏ ဒုံးကျည်ထိမှန်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ၏ ဈာပနတွင် ဝမ်းနည်းပူဆွေးသူများက ကျင်းများတူးနေစဉ်။ (ဓာတ်ပုံ – Iranian Press Center/AFP/Getty Images)

ဧပြီလ ၂၉ ရက်နေ့က တီဟီရန်တွင် ပြုလုပ်သော လူထုလှုံ့ဆော်ပွဲတစ်ခုအတွင်း အမျိုးသားတစ်ဦးက အီရန်တော်လှန်ရေးခေါင်းဆောင်ဟောင်း အယာတိုလာ ရူဟိုလာ ခိုမေနီ၊ ကွယ်လွန်သူ အယာတိုလာ အလီ ခါမေနီနှင့် အီရန်၏ အဓိပတိသစ် မိုဂျတာဘာ ခါမေနီတို့၏ ပုံပါရှိသော အလံကို ကိုင်ဆောင်ထားစဉ်။ (ဓာတ်ပုံ – Majid-Asgaripour/Wana News Agency/Reuters)

မေလ ၆ ရက်နေ့က အိမ်ဖြူတော်တွင် ကျင်းပသော စစ်မှုထမ်းများအတွက် အမေများနေ့ အခမ်းအနားအပြီး လမ်းလျှောက်လာသော သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒုတိယသမ္မတ JD Vance။ (ဓာတ်ပုံ – Jacquelyn Martin/AP)

မေလ ၅ ရက်နေ့က ပင်တဂွန်စစ်ဌာနချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ Operation Epic Fury အပစ်အခတ်ရပ်စဲရေး အချိန်ဇယားကို တင်ပြနေသော ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း။ (ဓာတ်ပုံ – Benjamin D Applebaum/Chairman of the Joint Chiefs of Staff)







