အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မိုက်ခ်ဝေါ့ဇ်ကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရာထူးမှ ရွှေ့ဆိုင်းလိုက်ကြောင်း ယနေ့ မေလ (၂) ရက်နေ့တွင် ကြေညာခဲ့ပြီး သူ့အား ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်သည်။
မာကိုရူဘီယိုသည် ယခုအခါ နိုင်ငံခြားရေးဝန်ကြီးနှင့် ယာယီ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တာဝန်နှစ်ခုကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
“ မိုက်ခ်ဝေါ့ဇ်က ကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားကို ဦးစားပေးပြီး ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပါတယ်။ သူရဲ့ အခန်းကဏ္ဍအသစ်မှာလည်း အလားတူ လုပ်ဆောင်နိုင်မယ် ဆိုတာကို ကျွန်တော် သိပါတယ်” ” နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သူ့ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို ဆက်လက်လုပ်ဆောင်နေစဉ် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ယာယီတာဝန်ထမ်းဆောင်မှာ ဖြစ်တယ်” ဟု ထရန့်က Truth Social တွင် ရေးသားခဲ့သည်။
ဝေ့ါဇ်သည် လာမည့်ရက်များအတွင်း အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရာထူးမှ နုတ်ထွက်ဖွယ်ရှိကြောင်း CNN သတင်းဌာနက ယနေ့အစောပိုင်းတွင် သတင်းရင်းမြစ်များ အရသိခဲ့ရပြီး၊ ဇန်နဝါရီတွင် သမ္မတ တာဝန်ယူပြီးနောက် ပထမဆုံးသော အဓိကဝန်ထမ်းများအကြား ပြောင်းလဲလှုပ်ခတ်မှုဖြစ်လာခဲ့သည်။
NSC ကို ဦးဆောင်သည့်အချိန် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းက သူ့ကို ရှင်းလင်းပြောကြားပြီးနောက် ဝေ့ါဇ်၏အလုပ်မှာ လစ်လပ်သွားခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ဝေ့ါဇ် သည် အလွန်အကဲဆတ်သော စစ်ရေးတိုက်ခိုက်မှုများအကြောင်း သတင်းပို့သည့် Signal အက်ပ်အဖွဲ့ချတ်တွင် သတင်းထောက်တစ်ဦးကို အမှတ်မထင် ထည့်သွင်းပြီးနောက် အနောက်ဖက်ဆောင်တွင် သူ၏သြဇာလွှမ်းမိုးမှုအများစုကို ဆုံးရှုံးခဲ့ရပြီးနောက် သူ့အခြေအနေသည် မသေမချာ ဖြစ်နေခဲ့ရသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး အဲလက်စ်ဝေါင်းနှင့် အခြားအမျိုးသား လုံခြုံရေးအကြံပေးများသည်လည်း အချိန်အတိအကျမသိရသေးသော်လည်း ပြောဆိုမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်များစွာများအရအလုပ်မှ ထုတ်ခံရမည်ဟု မျှော်လင့်ရသည်။
ထရမ့်၏အုပ်ချုပ်ရေးတွင် လစ်လပ်နေရာတစ်ခုတွင် ရူဘီယိုအား ရုတ်တရက် ဝင်ရောက် လုပ်ကိုင်စေခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ဖေဖော်ဝါရီလတွင် ထရန့်သည် အမျိုးသားမော်ကွန်းတိုက်မှူး ကောလင်း ရှိုဂင် (National Archivist Colleen Shogan) ကို ရာထူးမှဖယ်ရှားခဲ့ပြီးနောက်ပိုင်း ရူဘီယိုကို ခေါ်ယူ၍ ကိုင်တွယ်စေခဲ့သည်။
ထိုလတွင်ပင် ထရန့်သည် ရူဘီယိုကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အတွက် ခေတ္တစီမံခန့်ခွဲသူအဖြစ် ခန့်ထားခဲ့သည်။ ရူဘီယိုသည် အစိုးရ၏ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အသုံးစရိတ် လျှော့ချရန်နှင့် ပိတ်သိမ်းရန် ဆောင်ရွက်ရသည်။
ဟင်နရီကစ်ဆင်းဂျားသည် ယခင်သမ္မတ ရစ်ချက်နစ်ဆင် လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တာဝန်နှစ်ခုကိုပူးတွဲ ထမ်းဆောင်ခဲ့ဖူးသည်။

