၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက်
Aljazeera သတင်း- လော့စ်အိမ်ဂျယ်လစ်မြို့ကြီးတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမည် ဖြစ်သည့်အတွက် မြို့တော်တွင်းရှိ အိမ်မဲ့ယာမဲ့များကို ရွေ့ပြောင်း နေရာချထားမှုများကို အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပြီး တယောက်နေ လူနေအခန်းငယ်လေးများကို ဆောက်လုပ်ပြီး အိမ်မဲ့ယာမဲ့များကို နေရာချထားပေးလျက်ရှိသည်။
ထိုအိမ်ခန်းငယ်လေးများရှိရာကို”Tiny Home Village”ဟုခေါ်ဝေါ်ပြီး အိမ်ငယ်လေးများ၏ ရွာဟုတင်စားခေါ်ကြသည်။ မိုက်ကယ် ဂီလ်ပင် (Michael Gilpin)သည် သူ့အချစ်တော်ကြောင်လေးနှင့် နေထိုင်နေသည့် အိမ်မဲ့ယာမဲ့တဦးဖြစ်ပြီး သူနေထိုင်ရန် အခန်းငယ်လေးတခုရရှိခဲ့သည်၊ သူက သူရရှိသောခန်းငယ်လေးသည် သူနှင့်သူ့ကြောင်လေး အတွက် လုံလောက်ကြောင်း ပြောကြားပြီးလမ်းဘေးအိမ်မဲ့ယာမဲ့ဘဝထက် အမိုးအကာနှင့် နေရပြီးနှစ်ထပ်ကုတင်ရှိသလို လိုအပ်သည့် အပူပေးစက် လေအေးစက်တို့ ပါဝင်သည့် အတွက် အဆင်ပြေကြောင်း ပြောကြားခဲ့သည်။ သူ့ကြောင်လေးကလည်း နေရာသစ်တွင် ပျော်ရွှင်နေကြောင်းလည်း ဆိုသည်။ အလူမီနန်ဘောင်များနှင့်ပလပ်စတစ်ပြားများနှင့်တည်ဆောက်ထားသည့်အတွက် သူအနေနှင့်လမ်းပေါ်တွင်နေထိုင်ရသည်ထက်ပို အဆင်ပြေသည်ဟုဆိုသည်။
ထိုနေရာသည်လမ်းဘေးအိမ်မဲ့ယာမဲ့များအတွက် ယာယီဆောက်လုပ်နေရာချထား ပေးခြင်း သာ ဖြစ်ပြီး ကမ္ဘာ့ဘောလုံးပွဲပြီးသွားပါက အားလုံးကိုမောင်းထုတ်ခံရလိမ့်မည် ဖြစ်ကြောင်း အိမ်မဲ့ယာမဲ့တဦးကဆိုသည်။ သူက အခုအချိန်မှာ ကမ္ဘာ့ဘောလုံးပွဲ ကမ္ဘာ့လှည့်ခရီးသည်တွေ လာတဲ့အချိန်မှာမြို့မှာအရုပ်ဆိုးအကျည်းတန်စေတဲ့လမ်းဘေးအိမ်မဲ့ယာမဲ့များကိုယာယီရှင်းလင်းထားတာဖြစ်ပြီး ကမ္ဘာ့ဖလားဘောလုံးပွဲပြီးသွားတာနဲ့အားလုံးကို ကူညီနေရာချ ပေးတာတွေကို ဖျက်သိမ်းပြီးလမ်းဘေးပြန်ရောက်လာကြမှာဖြစ်တယ်၊ ဒါဟာအာဏာပိုင်တွေ လုပ်နေကြ အလုပ်ပါဟုဆိုသည်။
ခိုကိုးရာမဲ့သူများကို နေရာချထားပေးသည့် အလုပ်သမား တဦး ဖြစ်သူ အာမန်ဒို ကိုဗာရပ်ဘိုင်းအက်စ် (Armando Covarrubias)က “ခိုကိုးရာနေရာက မလုံလောက်ပါဘူး အိပ်ယာနေရာရှိတာနဲ့ လူဦးရေရဲ့အချိုးအဆက ၄-၅ဆလောက်ကို ကွာခြား ပါတယ်”လို့သူကဆိုသည်။
“အခုအခါမှာလော့စ်အိမ်ဂျယ်လစ်မြို့ဟာ အခုစတင်တော့မဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ နဲ့လာမဲ့ ၂၀၂၈မှာပြုလုပ်မဲ့ အိုလံပစ်ပြိုင်ပွဲတွေကိုအိမ်ရှင်အဖြစ်လက်ခံမှာဖြစ်တဲ့အတွက် မြို့တော်ကို ရှင်းလင်းနေတာဖြစ်ပါတယ်။ နေထိုင်သူ အများစုက လော့စ်အိမ်ဂျယ်လစ်မြို့ကို ရှင်းလင်းနေ တာတွေကို အားစိုက်တွန်းလုပ်နေတာတွေဟာ ကမ္ဘာ့လှည့်ခရီးသည်တွေ အမြင်ကောင်း အောင်သာဖြစ်ပြီးရေရှည်ဖြေရှင်းချက်မဟုတ်မှာကိုတွေးပူနေကြပါတယ်။”
နေထိုင်သူတဦးဖြစ်တဲ့ မိုက်ကယ်ရေးစ် (Michael Reyes) က “မင်းသိတဲ့အတိုင်းဘဲ ငါတိုလမ်းတွေကိုရှင်းလင်းလိုက်ကြရအောင် ဆိုပြီးလုပ်ကြတယ် ဘာကြောင့်လဲဆိုတော့ လမ်းတွေက ဘယ်လောက်ညစ်ပတ်နေလဲဆိုတာ ကမ္ဘာ့လှည့် ခရီးသည်တွေ ကိုမမြင်စေ ချင်ဘူး၊ ကမ္ဘာ့လှည့် ခရီးသည်တွေ အမြင်ကောင်းအောင် သက်သက်လုပ်တာ ဖြစ်တယ်၊ ၂၀၂၈ အိုလံပစ်ပြီးသွားတဲ့ အခါကျရင် မင်းတို့လမ်းပေါ် ပြန်ရောက်လာရင်လဲ ငါတို့က ဂရုမစိုက်တော့ပါဘူးဆိုတာပါဘဲ။ ဒါဟာငါတို့အစိုးရရဲ့သဘောထားပါဘဲ ကမ္ဘာ့လှည့် ခရီးသည်တွေ အတွက်လုပ်နေတာပါဘဲ သူတို့က အော် ဟောလီးဝုဒ်က ရှင်းလင်း သန့်ရှင်းနေတာပဲ လို့မြင်သွားအောင်ပေါ့.။” “ဒါပေမဲ့ဒါဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး”။












