CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်
လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန် (Joseph Aoun) က သောကြာနေ့တွင် အီရန်နိုင်ငံအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး၊ အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသော ပဋိပက္ခတွင် အီရန်သည် လက်ဘနွန်ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ကာ လက်ဘနွန်နိုင်ငံကို ၎င်းတို့၏ အကျိုးအမြတ်အတွက် ခုတုံးလုပ် (Bargaining chip)အဖြစ် အသုံးချနေသည်ဟု စွပ်စွဲလိုက်သည်။
CNN မှ ခရစ္စတီယန် အမန်ပူရ် (Christiane Amanpour) နှင့် ပြုလုပ်ခဲ့သည့် ရှားရှားပါးပါး သီးသန့်အင်တာဗျူးတစ်ခုတွင် သမ္မတ အာအွန်က မိမိနိုင်ငံကို ပဋိပက္ခအတွင်းမှ ကယ်တင်ရန် အတွက် “ဘာမဆိုလုပ်ဆောင်သွားရန်” သန္နိဋ္ဌာန်ချထားကြောင်းနှင့် လက်ဘနွန်ပြည်သူများ သည် အစ္စရေးနှင့် ဟစ်ဇဘိုလာ (Hezbollah) တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို “အလွန်အမင်း ငြီးငွေ့နေပြီ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန် ကျောထောက်နောက်ခံ ပေးထားပြီး လက်နက်အင်အားတောင့်တင်းလှသည့် ဟစ်ဇဘိုလာ အဖွဲ့သည် မိမိတို့ကိုယ်ကိုယ် လေဘနွန်တောင်ပိုင်းနှင့် ပါလက်စတိုင်း ပြည်သူတို့၏ အကာအကွယ်ပေးသူများ အဖြစ် ပုံဖော်ကာ နိုင်ငံအတွင်း အခိုင်အမာ ထောက်ခံမှု ရယူထားသည့် အဖွဲ့ဖြစ်သည်။
“ကျွန်တော်တို့ ငြီးငွေ့နေပါပြီ၊ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်ပါတယ်” ဟု အာအွန်က ပြောကြား ခဲ့ပြီး၊ “(လေဘနွန်ပြည်သူတွေဟာ) ငြိမ်းချမ်းမှု၊ ဂုဏ်သိက္ခာရှိမှုတွေနဲ့ ရှင်သန်ခွင့်ရှိပါတယ်။ ၅ နှစ် သို့မဟုတ် ၁၀ နှစ်တစ်ကြိမ် မိမိတို့အိမ်ခြေတွေ ပျက်စီးဆုံးရှုံးနေရတာမျိုးကို မကြုံတွေ့ သင့်တော့ပါဘူး” ဟု ဖြည့်စွက်ပြောဆိုသည်။
၁၉၈၀ ပြည့်လွန်နှစ်များတွင် စတင်တည်ထောင်ခဲ့ကတည်းက ဟစ်ဇဘိုလာသည် အစ္စရေးနှင့် အကြိမ်ကြိမ် စစ်ပွဲဖြစ်ပွားခဲ့သည်။ ယခုနှစ်အတွင်း အမေရိကန်-အစ္စရေး ပူးပေါင်းပြီး အီရန် အပေါ် တိုက်ခိုက်မှုကြောင့် အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) နှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိအများစု သေဆုံးခဲ့ရမှုကို ကလဲ့စား ချေသည့် အနေဖြင့် ဟစ်ဇဘိုလာက အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ အစ္စရေး၏ ပြင်းထန်သော တုံ့ပြန်တိုက်ခိုက်မှုများကြောင့် လေဘနွန်ပြည်သူ ၃,၅၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံလူဦးရေ၏ ငါးပုံတစ်ပုံခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
ဆယ်စုနှစ်များစွာကြာ ပြည်ပစွက်ဖက်မှုများ၊ ဂိုဏ်းဂဏစွဲ ပဋိပက္ခများနှင့် ပိုမိုကျယ်ပြန့်သော စစ်ပွဲများအတွင်း အကြိမ်ကြိမ် ပါဝင်ပတ်သက်ခဲ့ရမှုကြောင့် အားနည်းနေသည့် လက်ဘနွန် အစိုးရသည် ဟစ်ဇဘိုလာ၏ ကြီးမားလှသော သြဇာအာဏာကို ဖြိုဖျက်ရန်နှင့် အစ္စရေး၏ ကျူးကျော်မှုကို ရပ်တန့်ရန်အတွက် ဟစ်ဇဘိုလာကို လက်နက်ဖြုတ်သိမ်းမည့် ခက်ခဲသော တာဝန်ကို လုပ်ဆောင်ရန် ကတိပြုထားသည်။
လွန်ခဲ့သည့် ဧပြီလက တီဟီရန် (အီရန်) နှင့် ဝါရှင်တန် (အမေရိကန်) တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုနှင့် နောက်ဆက်တွဲ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း၊ အမေရိကန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကို ရပ်စဲရန်အတွက် အစ္စရေးအနေဖြင့် လက်ဘနွန်မှ ဆုတ်ခွာပေးရမည် ဟူသော အချက်ကို အီရန်က ကန့်သတ်ချက်အဖြစ် ထည့်သွင်းလာခဲ့ပြီးနောက် ဘေရွတ် (လေဘနွန်) သည် ပိုမိုကျယ်ပြန့်သော ပဋိပက္ခအတွင်းသို့ ပိုမိုကျွံဝင်လာခဲ့သည်။
ဟစ်ဇဘိုလာ၏ အဓိက ကျောထောက်နောက်ခံဖြစ်သော အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို ရည်ညွှန်းပြီး “ဒါ ခင်ဗျားတို့နိုင်ငံ မဟုတ်ဘူး၊ ကျွန်တော်တို့နိုင်ငံ” ဟု အာအွန်က ပြောကြားခဲ့သည်။ “(အီရန်ဟာ) အမေရိကန်နဲ့ ဆွေးနွေးပွဲတွေမှာ လက်ဘနွန်ကို ၎င်းတို့ရဲ့ အကျိုးအမြတ်အတွက် ခုတုံးလုပ် အသုံးချနေတာ ဖြစ်ပါတယ်။”
‘ဒါ ခင်ဗျားတို့နိုင်ငံ မဟုတ်ဘူး’- အီရန်သို့ လေဘနွန်သမ္မတ ပေးပို့သော သတင်းစကား
၎င်းက အီရန်ကို ဆက်လက်ပြောကြားရာတွင် “ခင်ဗျားတို့က ကျွန်တော်တို့ကို ကူညီဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး… လေဘနွန်ပြည်သူတွေက ခင်ဗျားတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက် ရင်းနှီးပေးဆပ်နေရတာပါ” ဟု ဆိုကာ “ကျွန်တော်တို့ရဲ့ အကျိုးစီးပွားဟာ… ခင်ဗျားတို့ရဲ့ အကျိုးစီးပွားနဲ့ ထပ်တူမကျပါဘူး” ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။
ထိုအင်တာဗျူး ထွက်ပေါ်လာပြီးနောက် အီရန်၏ ထိပ်တန်းသံတမန်က တီဟီရန်သည် လက်ဘနွန်ကို ခုတုံးလုပ်နေသည်ဟူသော အာအွန်၏ မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့သည်။ CNN အင်တာဗျူးဗီဒီယိုဖိုင်အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ခ်ချီ (Abbas Araghchi) က “လက်ဘနွန်ဟာ အီရန်အတွက် ခုတုံးလုပ်စရာသာ ဆိုရင် ကျွန်တော်တို့ သဘောတူညီချက်ရနေတာ ကြာပါပြီ” ဟု တုံ့ပြန်ခဲ့သည်။
“မစ္စတာ သမ္မတ… လေဘနွန်ကို ခင်ဗျားတို့ရဲ့ တကယ့်ရန်သူ လက်ထဲကနေသာ ကယ်တင်ပါ” ဟု အရက်ခ်ချီက အစ္စရေးကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
‘ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်၊ ဆန္ဒလည်းရှိပါတယ်’
ရွေးချယ်စရာ နည်းပါးလှပြီး လက်ဘနွန်အတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန် အသည်းအသန် ကြိုးပမ်းနေရသည့် အမေရိကန်ကျောထောက်နောက်ခံပြု သမ္မတ အာအွန်သည် ၎င်း၏ ရန်သူဟောင်းဖြစ်သော အစ္စရေးနှင့် တိုက်ရိုက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ၎င်း၏အစိုးရအဖွဲ့ကို ညွှန်ကြားထားသည်။ ဤသည်မှာ ဟစ်ဇဘိုလာအပေါ် ပိုမိုဖိအားပေးရန် ရည်ရွယ်ပုံရသော လက်ဘနွန်အစိုးရ၏ မကြုံစဖူး ထူးခြားသည့် ခြေလှမ်းတစ်ခုဖြစ်သည်။
“ကျွန်တော်တို့ (စစ်ပွဲရပ်စဲရေး ဆွေးနွေးပွဲတွေအတွက်) အဆင်သင့်ရှိပါတယ်၊ ဆန္ဒလည်း ရှိပါတယ်၊ ကတိလည်း ပြုထားပါတယ်” ဟု အာအွန်က ဘေရွတ်ရှိ သမ္မတနန်းတော်တွင် အမန်ပူရ်ကို ပြောကြားခဲ့သည်။ အစ္စရေးပြည်သူများနှင့် အစိုးရကို ရည်ညွှန်းကာ “ခင်ဗျားတို့ ဘက်က အဆင်သင့်မဖြစ်ဘူးဆိုရင် ခင်ဗျားတို့လည်း ငြိမ်းချမ်းမှု၊ ဘေးကင်းမှုနဲ့ လုံခြုံမှုတွေ ကို ဘယ်တော့မှ ခံစားရမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။
လက်ဘနွန်နှင့် အစ္စရေးတို့သည် ရန်လိုမုန်းတီးမှုများကို အဆုံးသတ်ရန်နှင့် လက်ဘနွန်နှင့် အစ္စရေးပြည်သူ နှစ်ဦးနှစ်ဖက်စလုံး ဘေးကင်းလုံခြုံစွာ ရှင်သန်နိုင်ရန် “အခွင့်အရေးကောင်း” ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“နှစ်ဖက်စလုံးဟာ ၁၉၄၈ ခုနှစ်ကတည်းက စစ်ပွဲကို ငြီးငွေ့နေကြပါပြီ” ဟု ၎င်းက ဖြည့်စွက်
ပြောသည်။ “ဒါဟာ အခွင့်အရေးကြီးတစ်ခုပါ။ နှစ်ဖက်စလုံးက ရွေးချယ်ရလိမ့်မယ်- စစ်ပွဲလား… သို့မဟုတ် သံတမန်ရေးလား။”
သို့သော် လက်ဘနွန်ပိုင်နက်မှ အစ္စရေးတပ်များ မဆုတ်ခွာမချင်း မည်သည့် လက်နက်ဖြုတ် သိမ်းမှုကိုမဆို ဟစ်ဇဘိုလာက ဆက်လက်ငြင်းပယ်နေသဖြင့် လက်ဘနွန်နှင့် အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေးမှာ အကောင်အထည်မပေါ်လုနီးပါး ဖြစ်နေသည်။
ကြာသပတေးနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ဟစ်ဇဘိုလာခေါင်းဆောင် နာအင် ကာဆမ် (Naim Qassem) က လက်ဘနွန်-အစ္စရေး ဆွေးနွေးပွဲများကို “အရှုံးပေးခြင်း” ဟု ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပြီး၊ ရရှိလာမည့် အပစ်အခတ်ရပ်စဲရေးကိုလည်း “လက်ဘနွန် ပြည်သူ အလွှာစုံက လုံးဝ (တစ်ခုလုံးအတိုင်းအတာဖြင့်)” ငြင်းပယ်ကြောင်း ပြောကြား ခဲ့သည်။
မိမိအနေဖြင့် ရှီအိုက် (Shiites) မွတ်ဆလင်များ အပါအဝင် မတူကွဲပြားသော ဘာသာရေး ဂိုဏ်းဂဏအသီးသီးမှ လက်ဘနွန်ပြည်သူများနှင့် စကားပြောဆိုခဲ့ရာ ၎င်းတို့က ဟစ်ဇဘိုလာနှင့် အစ္စရေးတို့၏ စစ်ပွဲကို “ငြီးငွေ့နေပြီ” ဟု ပြောကြားခဲ့ကြောင်း အာအွန်က ဆိုသည်။
“သူတို့ဟာ လက်ဘနွန်ပြည်သူတွေ ဖြစ်ပါတယ်။ နာအင် ကာဆမ်ရဲ့ လူတွေ မဟုတ်ပါဘူး” ဟု အီရန်ကျောထောက်နောက်ခံပြု ရှီအိုက်လက်နက်ကိုင်ခေါင်းဆောင်ကို ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်လိုက်သည်။
သို့သော်လည်း လက်ဘနွန်သမ္မတသည် ဟစ်ဇဘိုလာကို ဖြိုဖျက်ရာတွင် အသုံးပြုသည့် အစ္စရေး၏ စစ်ရေးဗျူဟာကို ပြစ်တင်ဝေဖန်ခဲ့ပြီး၊ အစ္စရေးစစ်တပ် ဆုတ်ခွာသွားပြီး နောက်မှသာ လက်ဘနွန်အစိုးရအနေဖြင့် ထိုအဖွဲ့ကို “ကိုင်တွယ်ဖြေရှင်း” နိုင်မည်ဖြစ်ကြောင်း နှင့် ပဋိပက္ခကို ဆွေးနွေးပွဲများမှတစ်ဆင့်သာ အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
“သူတို့ (အစ္စရေး) အနေနဲ့ တစ်နိုင်ငံလုံးကို ကျူးကျော်နိုင်တယ်၊ တစ်နိုင်ငံလုံးကို မြေလှန် ပစ်နိုင်တယ်၊ ဒါပေမဲ့ သူတို့ရဲ့ ရည်မှန်းချက်ကတော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး” ဟု အာအွန်က အစ္စရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ “ဟစ်ဇဘိုလာဆိုတာ မျက်စိနဲ့ မြင်ရတဲ့ ပစ်မှတ်တစ်ခု မဟုတ်ဘူး… အဲဒါဟာ အယူအဆ (စိတ်ကူးစိတ်သန်း) တစ်ခု ဖြစ်ပါတယ်။”
သမ္မတ မဖြစ်လာမီက အာအွန်သည် စစ်ဦးစီးချုပ်အဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့သည်။ စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်တွင် ဗုံးဆန်များ ရှိနေဆဲဖြစ်ကာ အနီးကပ်တိုက်ပွဲများကြောင့် အကြားအာရုံ ချို့ယွင်းခဲ့ရသည်။ သို့သော်လည်း မိမိအနေဖြင့် စစ်ပွဲကို မုန်းတီးကြောင်း ၎င်းက ပြောဆိုသည်။
“ကျွန်တော် စစ်ပွဲထက် ဆွေးနွေးပွဲတွေကို ပိုသဘောကျပါတယ်။ ကျွန်တော့် သားသမီးတွေ… တင်မကဘူး လက်ဘနွန်က ပြည်သူတွေကိုလည်း ဒီလို ဆင်းရဲဒုက္ခမျိုး မကြုံတွေ့စေချင် တော့ပါဘူး” ဟု ၎င်းက ဆိုသည်။ “အကောင်းဆုံး ရှေ့ဆက်ရမယ့် လမ်းကတော့ သံတမန်ရေးပါပဲ။”
လွန်ခဲ့သည့် သုံးနှစ်နီးပါးခန့်ကပင် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် ပြင်းထန်သော ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ အစ္စရေးတပ်ဖွဲ့များသည် ဟစ်ဇဘိုလာတပ်များကို ရှင်းလင်းရန် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်ပေါင်းများစွာကို သိမ်းပိုက်ထားခဲ့သည်။
အစ္စရေးအစိုးရက လက်ဘနွန်မှ ၎င်းတို့တပ်များ ဆုတ်ခွာရေးအတွက် ဟစ်ဇဘိုလာအနေဖြင့် လက်နက်ချရန် ကန့်သတ်ချက် ထားရှိထားပြီး၊ အာအွန် ဦးဆောင်သည့် လက်ဘနွန်အစိုးရ ကလည်း ထိုအချက်ကို လုပ်ဆောင်ရန် ကတိပြုထားသည်။
သို့သော်လည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ဟစ်ဇဘိုလာ၏ စွမ်းဆောင်ရည်များကို ဖြိုဖျက်ရန် ပြုလုပ် ပြခဲ့သည့်အဆင့်အနည်းငယ်မှလွဲ၍ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ သမ္မတသည် ဟစ်ဇဘိုလာကို လက်နက်ဖြုတ်သိမ်းရန် လက်တွေ့ကျသော ခြေလှမ်းများကို မလှမ်းရဲသေးပေ။ အဘယ်ကြောင့်ဆိုသော် လက်နက်အင်အား တောင့်တင်းလှသော အဆိုပါအဖွဲ့နှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ပါက နိုင်ငံကို ပျက်စီးစေခဲ့သည့် ၁၅ နှစ်ကြာ ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ဟောင်းကြီး ပြန်လည်ဖြစ်ပွားလာမည်ကို လေ့လာသူအများစုက စိုးရိမ်နေကြသောကြောင့် ဖြစ်သည်။
ယင်းအစား အစ္စရေးက လက်ဘနွန်အတွင်း စစ်ဆင်ရေးကို တိုးမြှင့်လာသည်နှင့်အမျှ မိမိ၏ သမ္မတနန်းတော်မှာ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများအောက်တွင် တုန်ခါနေသည်ကို အာအွန်တစ်ယောက် စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်သည် လက်ဘနွန်၏ အချုပ်အခြာအာဏာအပေါ် ၎င်း၏ ချုပ်ကိုင်မှုကို မလွှတ်ပေးဘဲ အမေရိကန် နှင့် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုမှုများကို ပိုမိုမြှင့်တင်လျက်ရှိသည်။
ဟစ်ဇဘိုလာနှင့် လက်နက်ဖြုတ်သိမ်းရေးကိစ္စကို ရည်ညွှန်းပြီး “ကျွန်တော် သူတို့နဲ့ ဆွေးနွေး ဖို့နဲ့ အကျိုးအကြောင်းပြ ရှင်းပြဖို့ ကြိုးစားသွားမှာပါ” ဟု အာအွန်က ပြောကြား ခဲ့သည်။ “နောက်ဆုံးတော့ သူတို့ နားဝင်လာပါလိမ့်မယ်၊ ဒါပေမဲ့ ပေးဆပ်ရတဲ့ တန်ဖိုးကတော့ ကြီးမားပါလိမ့်မယ်။”








